ရော်နယ်ဒိုက အောင်ပွဲခံဟန်အသစ်ကို မိတ်ဆက်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ အောင်ပွဲခံနေကျ “Siu” နဲ့ အောင်ပွဲမခံဘဲ ပုံစံအသစ်တမျိုးနဲ့ အောင်ပွဲခံခဲ့ပြီး ရော်နယ်ဒိုတယောက် နောက်ပိုင်းမှာ သူ့ရဲ့အောင်ပွဲခံဟန်ကို အပြောင်းအလဲလုပ်သွားမလားလို့ ပရိသတ်တွေအကြား ပဟေဠိဖြစ်နေကြပါတယ်။



ဒီပွဲမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပွဲထွက်ခွင့်မရရှိခဲ့ပေမယ့် ပွဲကစားချိန် (၂၈) မိနစ်မှာတင် မာရှယ်လ် ဒဏ်ရာရရှိခဲ့တာကြောင့် လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၄၄) မိနစ်မှာတော့ ကက်စ်မဲရိုးရဲ့ ဖန်တီးမှုကတဆင့် ရော်နယ်ဒိုက တောက်လျှောက်ဆွဲပြေးသွားခဲ့ပြီး အပိုင်ကန်သွင်းရယူကာ သူ့ရဲ့ ကစားသမားဘဝအတွက် သွင်းဂိုး (၇၀၀) ပြည့်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဒီဂိုးသွင်းပြီးချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့အောင်ပွဲခံနေကျ Siu နဲ့ အောင်ပွဲမခံတော့ဘဲ ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်တင်ပြီး မျက်လုံးကိုမှိတ်ကာ သွေးအေးအေးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့အတူ အသင်းဖော် အန်တိုနီကလည်း ပုံစံတူ လိုက်လံအောင်ပွဲခံခဲ့ပြီး ဒါဟာ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့အောင်ပွဲခံဟန်ကို အပြောင်းအလဲလုပ်ဖို့ အစပြုတာလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်အသစ်ကိုလည်း နှစ်သက်သဘောကျနေပြီး လှပတည်ငြိမ်အေးချမ်းတဲ့ အောင်ပွဲခံဟန်လို့ မှတ်ချက်ပြုနေကြပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ နာမည်ကျော် Siu အောင်ပွဲခံဟန်ကို ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ချဲလ်ဆီးနဲ့ ရာသီကြိုခြေစမ်းပွဲမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ဒါက ဘောလုံးလောကရဲ့ သင်္ကေတတခုအဖြစ်တောင် သတ်မှတ်လို့ရခဲ့ပါတယ်။

ပြိုင်ဘက်ပရိသတ်တွေ၊ ကစားသမားတွေဟာ ရော်နယ်ဒိုကို ချစ်ခင်လေးစားလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် လှောင်ပြောင်ဖို့အတွက်ပဲဖြစ်ဖြစ် ဒီ Siu အောင်ပွဲခံဟန်နဲ့ လိုက်လံအောင်ပွဲခံပြခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်အသစ်အတွက် နာမည်သတ်မှတ်ထားခြင်းမရှိသေးပေမယ့် မကြာခင်မှာပဲ ဒီအောင်ပွဲခံဟန်နဲ့ လိုက်ဖက်တဲ့နာမည်တခု ရရှိလိမ့်မယ်လို့လည်း ယူဆရပါတယ်။ 

Share

Loading Next Article...
က္က