ရီးရဲလ်ကွင်းမှာ သရေရခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကတော့ တစ်ဖက်သုံးဂိုးစီ သရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားချက်တစ်ခုကတော့ မန်စီးတီးတို့ ရသမျှ သွင်းဂိုးအားလုံးကို ဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။



ပွဲအစ (၂) မိနစ်မှာ ရရှိလာခဲ့တဲ့ ပြစ်ဒဏ်ဘောကို ဘာနာဒိုဆေးလ်ဗားက ဂိုးသမား လူနင်ကို အငိုက်ဖမ်းပြီး ဂိုးထဲ တိုက်ရိုက်ကန်သွင်းခဲ့တာပါ။ ပုံမှန်အားဖြင့် ပြစ်ဒဏ်ဘောရတဲ့နေရာက တိုက်ရိုက်​ဂိုးဝင်ဖို့ ခက်ခဲတဲ့နေရာမှာပါ။

လူနင်ကလည်း ဘာနာဒိုဆေးလ်ဗား ကန်တင်မယ်အမှတ်နဲ့ပဲ အဝေးထောင့်ကို နေရာယူထားခဲ့ပြီး ဒီအနေအထားကို ဘာနာဒိုဆေးလ်ဗားက အမိအရ အသုံးချကာ ဂိုးထဲ တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်မှာ ရီးရဲလ်မက်ဒရစ်က ရူဘင်ဒီယက်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ ရိုဒရီဂိုရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည် ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း (၆၆) မိနစ်မှာတော့ ဖိုဒန်က ဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်ချက်နဲ့ မန်စီးတီးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ ကန်ချက်က ပြင်းထန်အားပါပြီး ထောင့်ကျခဲ့တာကြောင့် လူနင်ကာကွယ်ဖို့အတွက်လည်း ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘဲ ချေပဂိုး ပေးလိုက်ရပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၇၁) မိနစ်မှာ မန်စီးတီးနောက်ခံလူ ဂီဗာဒီ​ယိုလ်ကပဲ ဧရိယာအပြင်ကနေ ကန်သွင်းပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုးထပ်ယူပေးခဲ့ပါတယ်။ ညာခြေနဲ့ ကန်လိုက်တဲ့ သူ့ရဲ့ ကန်ချက်က ထောင့်ကျခဲ့ပြီး လူနင်တစ်ယောက် ဒီတစ်ကြိမ်မှာလည်း ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေးလိုက်ရတာပါ။ ဒါပေမယ့် ဗယ်လ်ဗာဒီက (၇၉) မိနစ်မှာ လှပတဲ့ သွင်းဂိုးနဲ့ ချေပဂိုးသွင်းယူပေးနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ဘာနေဗျူးမှာ သုံးဂိုးစီသရေကျခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က