Goal.com က ရွေးချယ်ခဲ့တဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေ လွှမ်းမိုးနေခဲ့ပါတယ်။ ယူနိုက်တက်အသင်းက ကစားသမား (၃)ဦးအထိ ပါဝင်ခဲ့ပြီးတော့ ဆောက်သမ်တန်နဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ကစားသမားတွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဂိုးသမားနေရာမှာတော့ မန်စီးတီးနဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ အာတူချ်ဘော့ချ်ကို ရွေးချယ်ခဲ့ပြီး ဒီဂိုးသမားက ဂိုးကန်သွင်းမှု (၈)ကြိမ်အထိကို ကာကွယ်နိုင်ခဲ့ပြီး မန်စီးတီးရဲ့ စုစုပေါင်းကန်သွင်းချက် (၂၃)ကြိမ်မှာ တစ်ကြိမ်သာ ဂိုးပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ညာအစွန်ခံစစ်နေရာမှာတော့ ကိုင်လီဝေါ်ကာ ပါဝင်ခဲ့ပြီး ဘောလုးထိချက် (၁၃၁)ချက်မှာ (၁၁၄)ကြိမ် ဖြတ်တင်ပေးပို့နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဗဟိုခံစစ်နေရာမှာတော့ ခရိတ်ကတ်ကာ့ခ် ပါဝင်ခဲ့ပြီး လက်စတာကိုအနိုင်ရရှီခဲ့တဲ့ ပွဲမှာ ဒီဝက်ဖို့ဒ်နောက်ခံလူက ဘောလုံးပေးပို့မှု (၉၇)%အထိ အောင်မြင်ခဲ့ပါတယ်။ နောက်ထပ်ဗဟိုခံစစ်မှူးအတွက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ပါဝင်ခဲ့ပြီး အဲဗာတန်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဘောလုံးရှင်းထုတ်မှု (၁၃)ကြိမ်အထိ ဗန်ဒိုက်က ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
နောက်တန်းဘယ်အစွန်လူနေရာအတွက် လုခ်ရှော ရွေးချယ်ခံခဲ့ရပြီး ဂိုးကန်သွင်းမှုတစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး ဘောလုံးဆုံးရှုံးမှုတွေကိုလည်း လုခ်ရှောက ပြန်လည်လုယူနိုင်ခဲ့ကာ အသင်းအတွက် တိုက်စစ် နဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ယူနိုက်တက်အတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားတဲ့ ပါရဲရားက ရွေးချယ်ခံခဲ့ရပြီး ဆောက်သမ်တန်နဲ့ပွဲမှာ သူက ဘယ်ယူနိုက်တက်ကစားသမားထက်မဆို ဂိုးရနိုင်ဖို့ အခွင့်အလမ်းကို ပိုမိုဖန်တီးပေးနိုင်ခဲ့ပါတယ်။
အခြားကွင်းလယ်နေရာမှာတော့ ဂန်ဒိုဂန် ပါဝင်လာခဲ့ပြီး ဂိုးအခွင့်အလမ်း (၃)ကြိမ်အထိ ဂန်ဒိုဂန်က ပြုလုပ်ပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက လူငယ်ကစားသမား ဒီကလန်ရိုက်လည်း ပါဝင်ခဲ့ပြီး ဘောလုံးရှင်းထုတ်မှု (၇)ကြိမ်ကို နယူးကာဆယ်နဲ့ပွဲမှာ ပြုလုပ်နိုင်ခဲ့သူပါ။ တိုက်စစ်ပိုင်းမှာတော့ လူကာကူ ပါဝင်လာခဲ့ပြီး သူက အသင်းအတွက် (၂)ဂိုးသွင်းယူကာ စုစုပေါင်း (၆)ကြိမ်အထိ ဂိုးပေါက်တည့်ကန်သွင်းမှု စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနီးလည်း ပါဝင်ခဲ့ပြီး လက်စတာနဲ့ပွဲမှာ သူက အဖွင့်ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ၉၂ မိနစ်မှာ ရရှိခဲ့တဲ့ အသင်းရဲ့ အနိုင်ဂိုးအတွက်လည်း သူက ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ကာ အန်ဒရီဂရေးက သွင်းယူနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်တိုက်စစ်မှူး ဒီယေဂိုဂျိုတာလည်း ပါဝင်လာခဲ့ပြီး ကာဒစ်နဲ့ပွဲမှာ သူက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။