ခီလီယန် အမ်ဘာပေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ GOAT အငြင်းအခုံမှာ စိတ်ပြောင်းသွားခဲ့ပုံပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၁ ခုကျော်ကာလအတွင်း လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံကစားသမားဖြစ်လာဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်က အာဂျင်တီးနားကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အများစုက အာဂျင်တီးနားကြယ်ပွင့်ဟာ ပြိုင်ဘက်ကင်းတဲ့ GOAT လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် အမ်ဘာပေဟာ ရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်လို့ လူသိများပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဖခင်ဟာ ၂၀၁၆ ခုနှစ်တုန်းက "သူက ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ပြီး သူ့ရဲ့ စံပြပုဂ္ဂိုလ်က ရော်နယ်လ်ဒိုပါ။ သူက အင်တာနက်ပေါ်မှာ ရော်နယ်လ်ဒိုရဲ့ ဗီဒီယိုတွေနဲ့ နာရီအတော်ကြာ အချိန်ကုန်ဆုံးနေကျပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေရဲ့ ဖခင် ပြောစကားကို ပြင်သစ်လက်ရွေးစင်အသင်းဖော်ဟောင်း အက်ဘ်ဒူ ဂျယ်လိုက ထောက်ခံခဲ့ပြီး "ခရစ္စတီယာနိုက ခီလီယန် အမ်ဘာပေအတွက် အရာအားလုံးပါပဲ။ ခင်ဗျား လီယွန်နယ် မက်ဆီနာမည်ကို ရော်နယ်လ်ဒိုနဲ့ ဆန့်ကျင်ပြီး ပြောလိုက်တာနဲ့ အမ်ဘာပေက ခင်ဗျားကို အနည်းဆုံး တစ်နာရီလောက်ကို အငြင်းအခုံလုပ်ပါလိမ့်မယ်။ သူ့အတွက်ကတော့ ခရစ္စတီယာနိုကို အထိမခံဘူး"လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေဟာ တနင်္လာနေ့ညက ဖီဖာရဲ့ The Best ဆုပေးပွဲအပြီးမှာတော့ စိတ်ပြောင်းလိုက်ပုံပေါ်ပြီး တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို လီယွန်နယ် မက်ဆီက ရရှိခဲ့ပြီးနောက် ပြင်သစ်တိုက်စစ်မှူးဟာ လူမှုကွန်ရက်ပေါ်မှာ ပီအက်စ်ဂျီအသင်းဖော်ကို ဂုဏ်ပြုခဲ့ရာမှာ အကောင်းဆုံးလို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။
"နောက်ထပ် ဆုဖလားတစ်ခု အိမ်ကို ရောက်လာပြီ။ လီယို မက်ဆီကို အကြီးကြီး ဂုဏ်ပြုပါတယ်။ ခင်ဗျားက အကောင်းဆုံးပဲ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။