ကမ္ဘာ့ဖလားကို အာဂျင်တီးနားတို့ ဆွတ်ခူးနိုင်ခဲ့အပြီးမှာတော့ GOAT အတွက် ပြိုင်ဆိုင်မှုတွေအားလုံးကို ဂျင်မီကာရေဂါနဲ့ ရှဝိန်စတိုင်ဂါတို့လို နာမည်ကျော်ကစားသမားဟောင်းတွေက အဆုံးသတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ရွှေဘောလုံးနဲ့ ကမ္ဘာ့ဖလားကို တပြိုင်တည်းရယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀မှာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မက်ဆီက ဗိုလ်လုပွဲမှာ ပြင်သစ်ဘက်ကို ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း အမှားအယွင်းမရှိခဲ့ဘဲ ပထမဆုံးကန်သွင်းမှုကနေ ဂိုးရယူပေးခဲ့တာပါ။ မက်ဆီ ကမ္ဘာ့ဖလားကို လက်ခံရယူစဉ်မှာလည်း ကာတာက သူတို့ရဲ့ ရိုးရာအပေါ်ရုံဝတ်စုံကို မက်ဆီအတွက် ခြုံလွှမ်းပေးပြီး ခန့်ငြားထည်ဝါတဲ့ပုံစံနဲ့အတူ မက်ဆီက ဆုဖလားကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီနောက် လူမှုကွန်ယက်ပေါ်မှာတော့ အင်္ဂလန်နဲ့ဝက်စ်ဟမ်းကွင်းလယ်ဒီကလန်ရိုက်က "လီယွန်နယ်မက်ဆီ၊ ထာ၀ရအကောင်းဆုံးကစားသမား" လို့ရေးသားခဲ့ပါတယ်။ ဂျာမနီနဲ့ဘိုင်ယန်အကျော်အမော်ဟောင်းရှဝိန်းစတိုင်ဂါကလည်း "ဘယ်လိုပွဲမျိုးလဲဗျာ၊ အာဂျင်တီးနားအတွက် ဂုဏ်ယူပါတယ်၊ နောက်ဆုံးတော့ မက်ဆီက သူ့ရဲ့ကြီးမြတ်တဲ့ကစားသမားဘ၀မှာ ကမ္ဘာ့ဖလားနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါပြီ" လို့ ရေးသားခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာကလည်း "ဂုဏ်ကျက်သရေ၊ စစ်မှန်တဲ့ဂုဏ်ကျက်သရေ၊ အာဂျင်တီးနားအတွက် ဂုဏ်ယူပါတယ်၊ သူတို့အတွက်ထိုက်တန်ပါတယ်၊မက်ဆီလည်း ချန်ပီယံအဖြစ်နဲ့ ထိုက်တန်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ ကာရေဂါကတော့ GOAT စာရင်းမှာ မက်ဆီကို ထိပ်ဆုံးကထားခဲ့ပြီး မာရာဒိုနာ၊ ပီလီ၊ ရော်နယ်ဒိုနဲ့ ဇီဒန်းဆိုပြီး အစဉ်လိုက်သတ်မှတ်ခဲ့ကာ မက်ဆီက အကောင်းဆုံးပဲလို့ သတ်မှတ်သွားခဲ့ပါတယ်။
အခြားသောနာမည်ကျော်ကစာသမားတွေကလည်း မက်ဆီနဲ့ အာဂျင်တီးနားကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ မက်ဆီကို GOAT တဦးအဖြစ် သတ်မှတ်ခဲ့ကြကာ ဒီအောင်မြင်မှုက သူနဲ့ထိုက်တန်တယ်လို့ ရေးသားပြောဆိုခဲ့ကြပြီး မက်ဆီအတွက် တကယ်ကို ပြီးပြည့်စုံတဲ့ညတညဖြစ်ခဲ့ပါတယ်။