မနေ့ညက ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ မက်ဆီက အသင်းအတွက် ဦးဆောင်ဂိုးကို နေမာ၊ အမ်ဘာပေတို့နဲ့ အကောင်းဆုံးတွဲဖက်ပြီး လှလှပပ သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ မက်ဆီအတွက် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် သွင်းဂိုးလည်းဖြစ်ခဲ့သလို ချန်ပီယံလိဂ်သမိုင်းတလျှောက်မှာ မတူညီတဲ့ အသင်းပေါင်း (၄၀) ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
ဘင်ဖီကာကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲကစားချိန် (၂၁) မိနစ်မှာ မက်ဆီက အမ်ဘာပေ၊ နေမာတို့နဲ့ သပ်သပ်ရပ်ရပ် အပေးအယူပြုလုပ်ပြီး ဧရိယာထိပ်နားကနေ ဘယ်ခြေနဲ့ ဝေ့ဝိုက်ပြီး လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီ သွင်းနေကျပုံစံမျိုးဖြစ်ပြီး မထူးဆန်းဘူးလို့ဆိုနိုင်ပေမယ့် ပရိသတ်တွေအတွက်တော့ ဘယ်တော့မဆို မရိုးသွားတဲ့ ဂိုးသွင်းဟန်မျိုးဖြစ်နေတာကိုလည်း လက်ခံရမှာပါ။
မက်ဆီရဲ့ ကန်ချက်က တော်တော်လေး ကောင်းမွန်ခဲ့တာကြောင့် ဘင်ဖီကာဂိုးသမား ဘယ်လိုမှမတတ်နိုင်ခဲ့ဘဲ သူ့ရဲ့ ညာဘက်ထောင့်ထဲကို လှလှပပ ဂိုးဝင်သွားခဲ့တာပါ။ မက်ဆီဟာ ဒီမတိုင်ခင် မက္ကာဘီဟိုင်ဖာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာလည်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး တဂိုးသွင်း၊ တဂိုးဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။
အခု ဘင်ဖီကာနဲ့ပွဲမှာတော့ ပီအက်စ်ဂျီတို့ ပထမပိုင်းမှာတင် ဒန်နီလိုပါရဲရားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ချေပဂိုးပြန်ပေးလိုက်ရပြီး ဒုတိယပိုင်းမှာလည်း ဂိုးကံခေမှုတွေကြောင့် ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ တဂိုးစီသရေနဲ့ ကျေနပ်ခဲ့ပါတယ်။။ ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီနဲ့ ပထမဆုံး ဘောလုံးရာသီမှာ မက်ဆီတယောက် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ မက်ဆီက အကောင်းဆုံးခြေစွမ်းပြနေပြီး ပြင်သစ်လီဂူး (၉) ပွဲ ကစားပြီးချိန်မှ (၅) ဂိုးသွင်း၊ (၇) ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အသင်းအတွက် ခြေစွမ်းပြရင်း အခုလိုမျိုး လှပတဲ့သွင်းဂိုးတဂိုးကို ထပ်မံသွင်းယူပြနိုင်ခဲ့သေးတာဖြစ်ပါတယ်။