တန်ဟက်ခ်က ဒီပွဲမှာ ပထမဆုံးအဖြစ်နဲ့ မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီတို့ကို ပွဲထုတ်ခဲ့ပြီး နောက်တန်းမှာ လုခ်ရှောပြန်ပါလာပါတယ်။ ကစားပုံပိုင်းအရ မဆိုးပေမယ့် လိုအပ်ချက်တွေတော့ရှိနေဆဲဖြစ်ပြီး မာရှယ်လ်ကလည်း ဒဏ်ရာကြောင့် မိနစ် (၃၀) မပြည့်ခင်မှာတင် ဒဏ်ရာကြောင့် ရော်နယ်ဒိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးစရခဲ့တာက အဲဗာတန်ဖြစ်ခဲ့ပါတယ်။
ကက်စ်မဲရိုးရဲ့ အမှားကတဆင့် ဘောလုံးပျက်သွားခဲ့ပြီး အီဝိုဘီက ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့တာပါ။ ကက်စ်မဲရိုးအတွက် ဒီပွဲက ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရတဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပြီး ဒီအမှားကြောင့် မျက်နှာပျက်ရမလိုဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ဆက်တိုက် ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ် ခင်းပေးလိုက်တဲ့ ဘောလုံးကို အန်တိုနီက ပစ်ဖို့ဒ်နဲ့တယောက်ချင်းအတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။
အန်တိုနီအတွက်ကတော့ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက် (၃) ပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်ကစားသမားတွေထဲမှာ ပထမဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက ကက်စ်မဲရိုးခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးပြီး ကန်သွင်းယူကာ သူ့အတွက် ကစားသမားဘဝ သွင်းဂိုးပေါင်း (၇၀၀) ပြည့်မြောက်ခဲ့ပါတယ်။
ဒီဂိုးက ရော်နယ်ဒိုအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့သလို ကက်စ်မဲရိုးအတွက်လည်း ဒီဖန်တီးမှုက သူ့ရဲ့ အမှားကို ပြန်လည်ချေဖျက်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ အဲဗာတန်ရဲ့ ဒီပွဲကစားပုံကလည်း ကောင်းမွန်ခဲ့ပြီး ယူနိုက်တက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ အဆုံးသတ်မယ့် ကစားသမားပျောက်ဆုံးနေမှုက အဲဗာတန်ကို ဒုတိယပိုင်းမှာ ဒုက္ခပေးသွားခဲ့တာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ် တဂိုးထပ်ရခဲ့ပေမယ့် VAR က လက်ထိခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့တာကြောင့် ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာတော့ အဲဗာတန်တို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပေမယ့် ချေပဂိုးမရရှိခဲ့ဘဲ ယူနိုက်တက်ကသာ အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် (၅) နေရာကို တက်လှမ်းလာခဲ့ပါတယ်။