ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုတယောက် ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ရုတ်တရက် ပြောင်းရွှေ့ခဲ့တဲ့အပေါ် ဂျူဗင်တပ်စ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းဘက်က တော်တော်လေးကို ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။
ရော်နယ်ဒို ရောက်လာပြီးတဲ့နောက် ဂျူဗင်တပ်စ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိတဲ့အကြောင်းကို မျိုးစုံ လှည့်ပတ်ပြောနေကြပေမယ့် အခုလက်တွေ့မှာလည်း ရော်နယ်ဒိုထက် ပိုသာအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားက ဂျူဗင်တပ်စ်မှာ မရှိသေးပါဘူး။
ရော်နယ်ဒိုအနေနဲ့ (၂၀၂၁) မှာ ဂျူဗင်တပ်စ်အတွက် သွင်းဂိုး (၂၀) သွင်းယူပေးခဲ့ပြီး အခုချိန်ထိ ရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို ကျော်အောင် သွင်းယူနိုင်တဲ့ ကစားသမားမရှိသေးပါဘူး။ အီတလီစီးရီးအေဟာ ဆောင်းခိုသွားခဲ့ပြီဖြစ်ပြီး ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံး ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားက မိုရာတာ (၁၇) ဂိုးသာ ရှိပါသေးတယ်။
ဒါ့အပြင် မက်ဆီကလည်း ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ဆုံးမှာ ဒီအစီအစဥ်က ပျက်ပြယ်ခဲ့ရတာကြောင့် မက်ဆီတယောက် အခုလိုပဲ အသင်းပြောင်းဖြစ်ခဲ့ရတာပါ။
ဒါပေမယ့်လည်း (၂၀၂၁) အတွင်း မက်ဆီ ဘာစီလိုနာအတွက် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၂၈) ဂိုးရှိပြီး သူနဲ့ အနီးဆုံးသွင်းနိုင်တဲ့ ကစားသမားဆိုလို့ ဂရစ်ဇ်မန်းရဲ့ (၁၅) ဂိုးသာ ရှိပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရသလို လာလီဂါမှာလည်း တော်တော်လေး အခြေအနေဆိုးနေတာပါ။
ဘာပဲဖြစ်ဖြစ် ဒီအချက်အလက်မှတ်တမ်းတွေကတော့ GOAT နှစ်ယောက်ကို ဆုံးရှုံးထားရတဲ့ ဘာစီလိုနာအတွက်ရော၊ ဂျူဗင်တပ်စ်အတွက်ပါ လွမ်းမောစရာတွေဖြစ်နေရပြီလို့ ဆိုရတော့မှာလည်း ဖြစ်ပါတယ်။