ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်ဟာ အသင်းတွင်း အဝတ်လဲခန်းထဲမှာ စည်းလုံးပြိုကွဲမှုတွေဖြစ်ပေါ်နေတာနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရဆိုရင် ယူနိုက်တက်ကစားသမားတွေကြားမှာ အဖွဲ့တွေကွဲနေပြီး နည်းပြရန်းဂ်နစ်ခ်ရဲ့ နည်းစနစ်တွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို သဘောမကျသူတွေ၊ ပွဲထွက်ခွင့်မရလို့ စိတ်ပျက်နေသူတွေ၊ ရော်နယ်ဒိုအပေါ် မကျေနပ်သူတွေ စသဖြင့်ရှိနေတယ်လို့ သိရပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ ရင်ဆိုင်ခဲ့ရတဲ့ အလားတူပြသနာတွေကို ရန်းဂ်နစ်ခ်ရင်ဆိုင်နေရတာဖြစ်ပြီး ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းအရဆိုရင် ကစားသမား ၁၁ ဦးအထိ အသင်းကထွက်ခွာချင်နေတယ်လို့ သိရပြီး ဒီထဲမှာ ပုံမှန်ကစားခွင့်မရတဲ့ လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဘိုင်လေတို့ ပါဝင်နေကြောင်းလည်း ဆိုပါတယ်။
၀ုလ်ဗ်ကို အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲအပြီးမှာ အသင်းတွင်းစည်းလုံးညီညွှတ်မှုအခြေအနေတွေက ပိုမိုဆိုးရွားခဲ့ကာ နောက်ခံလူလုခ်ရှောက အသင်းတွင်းပြသနာတွေရှိနေတယ်လို့တောင် ဝန်ခံခဲ့ပါတယ်။ ရန်းဂ်နစ်ခ်ရဲ့ နည်းစနစ်ပိုင်းတွေမှာ လိုက်လံကစားနိုင်ခြင်းမရှိသေးတာ၊ ဘရူနိုဖာနန်ဒက်စ်ခြေစွမ်းကျဆင်းနေပြီး ရော်နယ်ဒိုနဲ့ ကာဗာနီတို့ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ ကွင်းလယ်ပိုင်းက မပြုလုပ်ပေးနိုင်တဲ့အချက်တွေက အသိသာဆုံးအချက်တွေဖြစ်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။
ရန်းဂ်နစ်ခ်က အသင်းကို ရာသီကုန်ထိသာ ကိုင်တွယ်မှာဖြစ်ပြီး အဲဒီနောက်မှာ နည်းပြသစ်တဦးကို ယူနိုက်တက်က ခန့်အပ်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရတော့ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ သံသယဖြစ်စရာတွေရှိနေပြီး ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ စိတ်ပျက်စရာအချိန်တွေကို ကျော်ဖြတ်နေရတာလည်းဖြစ်ပါတယ်။