ဘာစီလိုနာတို့ ဒီရာသီ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကိုရရှိခဲ့တာပါ။

ဘာစီလိုနာရဲ့ ပွဲထွက်ကစားသမားစာရင်းက အားလုံးခြုံကြည့်ရင် သိပ်တော့အားရစရာမရှိပါဘူး။ တာစတီဂန်၊ ပီကေး၊ အလာဘာ၊ ဘတ်စ်ကွက်စ်၊ ဒီပိုင်းတို့ကို အဓိကအမာခံပွဲထုတ်လာပြီး ကော်တင်ဟို၊ အဂွေရို၊ အန်ဆုဖာတီတို့ကို အရံခုံမှာပဲထားခဲ့တယ်။



ဒီနှစ်သင်းလုံးကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်ဂိုးမှမသွင်းနိုင်သေးတဲ့ အသင်းတွေပါ။ ဘာစီလိုနာကတော့ ပွဲစတာနဲ့ ပွဲကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စုပြုံပိတ်ဆို့နေတဲ့ ဒိုင်နမိုကိဗ်ခံစစ်ကို Open Play ကနေ ထိုးဖောက်ရခက်ခဲခဲ့တယ်။

ဒါပေမယ့်လည်း ပွဲကစားချိန်ကြာလာတာနဲ့အမျှ ဘာစီလိုနာရဲ့ ထိုးဖောက်မှုကြောင့် ဒိုင်နမိုကိဗ်ခံစစ် အလဲလဲအပြိုပြိုဖြစ်ခဲ့ရပြီး ကြုံသလိုဖျက်ထုတ်မှုတွေကိုလည်း ပြုလုပ်ခဲ့ရပါတယ်။ ဂိုးသမားလက်စွမ်းပြနိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၃၅) မိနစ်မှာတော့ ပီကေးက အယ်လ်ဘာတင်ပေးလိုက်တဲ့ ဘောလုံးကို အနီးကပ်ပိတ်သွင်းပြီး ဒီရာသီ ဘာစီလိုနာအတွက် ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘာစီလိုနာက အန်ဆုဖာတီ၊ ကော်တင်ဟိုတို့ကိုထည့်ပြီး တိုက်စစ်ထပ်မြှင့်ခဲ့ပေမယ့် ဂိုးကံခေနေတာရယ်၊ အပိုင်အလုံးအချို့ကို အသုံးမချနိုင်ခဲ့တာကြောင့် ဘာစီလိုနာတို့ ဂိုးထပ်မရခဲ့ပါဘူး။ ဒိုင်နမိုကိဗ်ကတော့ ဂိုးများများမပေးရဖို့ဘဲ အဓိကအာရုံစိုက်ကစားခဲ့တယ်လို့ဆိုရမှာပါ။

ဒိုင်နမိုကိဗ်က အုပ်စုတွင်းမှာ အားအနည်းဆုံးပြိုင်ဘက်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာတို့ကို ဂိုးပြတ်ရှုံးထားတဲ့ ဘာစီလိုနာကတော့ ဒီပွဲမှာ တတ်နိုင်သလောက် ဂိုးများများသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးအခြေအနေတွေမှာ အဆုံးသတ်မယ့် ကစားသမားကောင်းမရှိတာ၊ တိုက်စစ်ပိုင်းထက်မြက်မှုနည်းပါးခဲ့တာကြောင့်လည်း တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။

နောက်ပိုင်းမိနစ်တွေမှာ ဒိုင်နမိုကိဗ်က ချေပဂိုးရဖို့ သွေးတိုးစမ်းလာတာမျိုးတွေရှိပေမယ့် သူတို့အသင်းရဲ့ အနေအထားက ဘာစီလိုနာကို အံတုနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာကတော့ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကိုရရှိခဲ့ပြီး အုပ်စုကလွတ်မြောက်ဖို့ဆိုရင်တော့ လက်ကျန် (၃) ပွဲလုံးကို အနိုင်ကစားနိုင်ဖို့ လိုအပ်နေဆဲပါ။

တစ်ချိန်တည်းကစားခဲ့တဲ့ပွဲမှာတော့ ဆဲလ်ဘာ့ဂ်က ဝုလ်ဖ်ဘတ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဝုလ်ဖ်ဘတ်ကတော့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှမရသေးဘဲ လက်ကျန်ပွဲစဥ် (၃) ပွဲမှာတော့ အုပ်စုလွတ်မြောက်ရေးအတွက် ရေကုန်ရေခမ်းကစားရဖို့ရှိနေပါတယ်။  

Share

Loading Next Article...
က္က