ဆောက်ဂိတ်ရဲ့ လုပ်ရပ်ကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ နည်းပြဆောက်ဂိတ်ရဲ့ ကစားသမားလဲလှယ်မှုအပေါ် အင်္ဂလန်ပရိသတ်အများအပြားက ဝေဖန်နေကြပြီဖြစ်ပါတယ်။ ဒီပွဲမှာ အင်္ဂလန်က အနိုင်ဂိုးလိုအပ်နေခဲ့တာဖြစ်ပြီး ဆောက်ဂိတ်က သူ့ရဲ့ ပထမဆုံးလူစားလဲလှယ်မှုအဖြစ် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂျက်ဂရီလစ်ရှ်ကို ထည့်သွင်းခဲ့တာပါ။ 

ဟန်ဒါဆန်ဟာ ဘီလင်ဟမ်ရဲ့ နေရာအတွက် ဝင်ရောက်ကစားခဲ့ရတာဖြစ်ပြီး ဒီလိုမျိုးလူစားလဲလှယ်တဲ့အပေါ် ပရိသတ်တွေက ဒေါသထွက်နေခဲ့ကြတာပါ။ အင်္ဂလန်ကနေ အားပေးနေတဲ့ ပရိသတ်တဦးက "ကျနော် ချဲ့ကားပြောတာမဟုတ်ဘူး၊ ဟန်ဒါဆန်က တီဗီပေါ်ရောက်လာချိန်မှာ ဘီယာဆိုင်တဆိုင်လုံး ဒေါသတွေထွက်ပြီး အော်ဟစ်နေကြတော့တာပဲ" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

နောက်ထပ်တဦးကလည်း "ငါတို့က ဂိုးလိုနေတာ၊ ဒါကို သူက ဟန်ဒါဆန်ကို ထည့်လိုက်တယ်" လို့ ရေးသားခဲ့ပါတယ်။ အခြားသောတဦးကလည်း "ဒါကိုမြင်ရဖို့အတွက် ငါ ဘာလို့များ ဘီယာဆိုင်ထိ လာခဲ့ရတာပါလိမ့်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲကို သရေကျခဲ့လို့ အင်္ဂလန်ဟာ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်းမှာ ထိပ်ဆုံးကနေ ရှိနေဆဲဖြစ်ပါတယ်။ 

ဒီပွဲမှာ မန်စီးတီးကစားသမား ဖီးလ်ဖိုဒန်ကိုလည်း ထည့်သွင်းခြင်းမပြုခဲ့လို့ ဂယ်ရီနဗီးလ်အပါအဝင် ပရိသတ်အများအပြားက ဆောက်ဂိတ်ကို အပြစ်တင်ခဲ့ကြပါတယ်။ အသင်းခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ရွိင်ကိန်းက ဝေဖန်ခဲ့ပြီး အပူချိန်နည်းပါးတဲ့ အချိန်မှာ ကစားခဲ့ရတာတောင်မှ ခြေစွမ်းက အားရစရာမရှိခဲ့ဘဲ ကိုယ့်ကိုကိုယ်သာ အပြစ်တင်သင့်တယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ 

အင်္ဂလန်ဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဝေးလ်နဲ့ ကစားရမှာဖြစ်ပါတယ်။ အမေရိကန်ကို အနိုင်မရခဲ့တာကြောင့် ဒီအုပ်စုမှာတော့ လေးသင်းစလုံး နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိနေကြပါတယ်။ ဝေးလ်ကလည်း အင်္ဂလန်ကို အနိုင်ရခဲ့မယ်ဆိုရင် သင်္ချာနည်းအရ နောက်တဆင့်ကို တက်ရောက်နိုင်သေးလို့ အင်္ဂလန်တို့ ခက်ခက်ခဲခဲပွဲတပွဲ ဆင်နွှဲရဖို့ရှိပါတယ်။

Share

Loading Next Article...
က္က