မနေ့ညက ပီအက်စ်ဂျီနဲ့မိုနာကိုတို့ရဲ့ပွဲစဥ်မှာ တဖက်တဂိုးစီသရေကျခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့် မက်ဆီကလည်း လူစားလဲခဲ့ရတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ မိုနာကိုနဲ့မတွေ့ခင်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပေမယ့် အခုမှသာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီ ကစားပြီးတဲ့ လိဂ်ပွဲ (၄) ပွဲမှာ (၃) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က မိုနာကိုနဲ့ပွဲမှာတော့ အသင်းအတွက် အနိုင်ဂိုးလိုအပ်နေချိန်မှာ ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက မက်ဆီကိုထုတ်ပြီး ဆာရာဘီယာကို လူစားဝင်ကစားစေခဲ့ပါတယ်။ မက်ဆီကတော့ သူ့ကို လူစားလဲတဲ့လုပ်ရပ်အပေါ် စိတ်ပျက်နေတဲ့အမူအရာမျိုး ပြသခဲ့ပြီး ရုပ်သံကင်မရာတွေကလည်း ဒါကို အမိအရ ဖော်ပြခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ မိုနာကိုက ဗော်လန်းရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် (၇၀) မှာတော့ နေမာက ပင်နယ်တီကတဆင့် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အသင်းအနိုင်ဂိုးရဖို့ လိုအပ်နေချိန်မှာ နည်းပြ ဂဲလ်တီယာက အပိုင်အခွင့်အရေးတွေ လွဲချော်ထားတဲ့ အမ်ဘာပေကို မထုတ်ဘဲ မက်ဆီကို လူစားလဲခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေ၊ မက်ဆီနဲ့နေမာတို့အကြား အရင်ပွဲတွေမှာ အကြိတ်အခဲတွေဖြစ်ပေါ်ခဲ့ပြီး အခုပွဲမှာ အမ်ဘာပေကို လူစားမလဲဘဲ သူ့ကို လူစားလဲလိုက်တဲ့အပေါ်မှာလည်း မက်ဆီတယောက် စိတ်ပျက်နေလိမ့်မယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေတဲ့ ကစားသမားပါ။
အသင်းဘက်က သူ့ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီကတော့ ကမ္ဘာ့ဖလားပြီးမှ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။ လာမယ့် ကာတာကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာဖို့ရှိပြီး ဒီပြိုင်ပွဲကြီးအပြီးမှာ သူ့ရဲ့စိတ်အားထက်သန်မှုကိုကြည့်ကာ အနာဂတ်အတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာဖြစ်ပါတယ်။