လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ တူးလော့စ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတစ်ကြိမ်ကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးက ပြိုင်ဘက်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးရဲ့ နိုင်ပွဲထက် နူးနက်ဇ်ရဲ့ ဂိုးပေါက်လွဲချော်မှုက ပရိသတ်တွေအတွက် ပြောစရာ ပိုဖြစ်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဝင်နူးနက်ဇ်ဟာ ပြိုင်ဘက်နောက်ခံလူတွေရော၊ ဂိုးသမားပါ မရှိတော့တဲ့ ဂိုးပေါက်ကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရရှိခဲ့တာပါ။
ဒါပေမယ့် သူ့ရဲ့ ကန်သွင်းချက်က ဂိုးတိုင်ထိထွက်ခဲ့ပြီး နူးနက်ဇ်အတွက် အသင်းနိုင်ပွဲကြားမှာ မျက်နှာပျက်စရာဖြစ်ခဲ့ရတာပါ။ ကံကောင်းတဲ့အချက်က နူးနက်ဇ်ရဲ့ ကန်ချက် ပြန်ထွက်လာခဲ့တာကို အသင်းဖော် ဂရာဗင်ဘာ့ချ်က ပိတ်သွင်းယူနိုင်ခဲ့ပြီး လီဗာပူးတို့ ဂိုးရရှိခဲ့တာပဲဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ နူးနက်ဇ်က “ဒါက အဆင်ပြေပါတယ်။ ကျွန်တော် သန်မာနေဆဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ရင်း လီဗာပူးကို ကူညီနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ နူးနက်ဇ်ဟာ အဆိုပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီရာသီမှာ လီဗာပူးအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်နွေရာသီမှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တဲ့ နူးနက်ဇ်က အသင်းကို စစရောက်ရှိချင်း အခုလိုမျိုး အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီရာသီမှာတော့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနေရင်း အခု တူးလော့စ်နဲ့ပွဲက လွဲချော်မှုကြောင့် လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။