စနေညပွဲစဥ်တွေမှာတော့ အသင်းကြီးတွေ ရလဒ်ကောင်းခဲ့ပါတယ်။

ဒီကနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာတော့ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးတို့ အသီးသီးနိုင်ပွဲရရှိခဲ့ပါတယ်။ လီဗာပူးကတော့ ပွဲစတည်းက တန်းတက်ဘုန်းမောက်ကို တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်းမှာတင် (၅) ဂိုးပြတ်နဲ့ အပြတ်အသတ်ဦးဆောင်ထားခဲ့တာပါ။



လီဗာပူးအတွက် ဂိုးတွေကို ဒီယက်ဇ်က နှစ်ဂိုး၊ အီလီယော့၊ အာနိုးလ်၊ ဖေမီနို၊ ဗန်ဒိုက်ချ်၊ မက်ဖမ် (OG)၊ ဖေမီနို၊ ဖေဘီယိုကာဗယ်လ်ဟိုတို့က အသီးသီးသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးက (၉) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးကလည်း အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်က ပထမပိုင်းမှာတည်းက သွင်းဂိုးနှစ်ဂိုးနဲ့ မန်စီးတီးကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဟာလန်းရဲ့ ဟက်ထရစ်နဲ့အတူ ဘာနာဒိုဆေးလ်ဗားက တဂိုးသွင်းယူပြီး မန်စီးတီးတို့ အိမ်ကွင်းမှာ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း ပထမပိုင်းတည်းက ဂယ်လာဂါရဲ့အနီကတ်ကြောင့် တယောက်လျော့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အိမ်ကွင်းမှာ လက်စတာကို ၂-၁ ဂိုးနဲ့ အနိင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ဂိုးတွေကို စတာလင်တယောက်တည်းကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး လက်စတာအတွက် ချေပဂိုးတဂိုးကိုတော့ ဘားနက်စ်က သွင်းယူပေးသွားခဲ့ပါတယ်။ အခြားသောပွဲစဥ်တွေမှာတော့ လမ်းပတ်ရဲ့ အဲဗာတန်က နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီး ဘရိုက်တန်ကတော့ ရလဒ်ဆက်ကောင်းခဲ့ပါတယ်။

အဲဗာတန်အတွက် ဂေါ်ဒွန်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် ဂျာနက်ရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် တဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘရိုက်တန်ကလည်း လိဒ်စ်ကို ဂရော့စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ (၄) ပွဲကစား (၁) ပွဲသရေ၊ (၃) ပွဲနိုင်နဲ့ ရလဒ်ကောင်းနေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က