မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်နဲ့ ပြင်သစ်တို့ရဲ့ ယူရိုအုပ်စုပွဲမှာတော့ ဂိုးမရှိသရေရလဒ်နဲ့အတူ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။ နှစ်သင်းစလုံးက အုပ်စုအဖွင့်ပွဲမှာ အနိုင်ရထားတဲ့ အသင်းတွေဖြစ်ပါတယ်။
အခု ဒီပွဲရလဒ်ကြောင့် နှစ်ပွဲကစားပြီးချိန်မှာ (၄) မှတ် ရရှိထားပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်း ကိုယ်စီကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ ပြင်သစ်ဘက်က အမ်ဘာပေ ဝင်မကစားခဲ့ဘဲ အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။
အမ်ဘာပေက ဝင်ကစားနိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် ဒက်ချမ့်စ်ကတော့ ပိုအရေးကြီးလာမယ့်ပွဲတွေအတွက် အမ်ဘာပေကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမ်ဘာပေ မပါဝင်ခဲ့ပေမယ့် ပြင်သစ်တိုက်စစ်ပိုင်းက အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ပြီး ဂရစ်ဇ်မန်း ဖြုန်းတီးလွန်းတာကြောင့်သာ ဂိုးမရခဲ့တာပါ။
နယ်သာလန်ကလည်း ပိုလန်နဲ့ပွဲကထက် ပိုကောင်းတဲ့ ကစားပုံမျိုးကို ပြသခဲ့ပါတယ်။ ဇာဗီဆိုင်မွန်စ်၊ ဒီပိုင်း၊ ဖရင်မ်ပေါင်၊ ဂတ်ခ်ပိုတို့ရဲ့ တိုက်စစ်ပိုင်းက ပြင်သစ်ခံစစ်ကို အတိုင်းအတာတစ်ခုအထိတော့ အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ကွင်းလယ်မှာ ချူအာမန်နီ ပါဝင်လာခဲ့တာက ဒါကို ဟန့်တားနိုင်ခဲ့ပါတယ်။
နယ်သာလန်အတွက် ဇာဗီဆိုင်မွန်စ် တစ်ဂိုး သွင်းခဲ့သေးပေမယ့် ဒီဂိုးမှာ ဖရင်မ်ပေါင်က မိုင်ဂ်နန်ကို လူကျွံအနေအထားကနေ နှောင့်ယှက်ခဲ့တယ်ဆိုပြီး လူကျွံဘောအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာတော့ နယ်သာလန်က သြစတြီးယား၊ ပြင်သစ်က ပိုလန်တို့နဲ့ ရင်ဆိုင်ရမှာပါ။