အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ အယ်လ်ရှာဘတ်နဲ့ အဝေးကွင်းမှာ သရေကျခဲ့တဲ့ အာရပ်ချန်ပီယံရှစ် အုပ်စုပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ကင်မရာမင်းကိုလည်း ပြဿနာရှာခဲ့ကြောင်း စွပ်စွဲခံနေရပါတယ်။ အဆိုပါပွဲမှာ အယ်လ်နာဆာက ဂိုးမရှိသရေကျခဲ့တာပါ။
အယ်လ်နာဆာဟာ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ဥရောပရဲ့ နာမည်ကြီးအသင်းတွေကို အနိုင်မယူနိုင်ခဲ့ဘဲ ရော်နယ်ဒိုကလည်း ခြေစမ်းပွဲတစ်လျှောက်လုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ အယ်လ်ရှာဘတ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုက ဂိုးမရခဲ့ဘဲ စိတ်ပျက်ဖွယ်ရာ ဂိုးမိုးခေါင်မှုက ရှေ့ဆက်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ရော်နယ်ဒိုက သူ ရေသောက်နေတုန်း ဗီဒီယိုကင်မရာချိန်ပြီး ရိုက်ကူးနေတဲ့ ကွင်းထဲက ကင်မရာမင်းကို ပြဿနာလုပ်ခဲ့ပြီး ရေနဲ့လှမ်းပက်ခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက စိတ်ပျက်နေပုံရပြီး ကင်မရာမင်းကို ဝေးဝေးသွားနေဖို့ ကိုယ်ဟန်အမူအရာနဲ့ ပြသခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ထုံးစံအတိုင်းပဲ အသင်းနိုင်ပွဲမရချိန်၊ ဂိုးပေါက်ပျောက်နေချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ပွဲအပြီး ကွင်းဘေးကို ထွက်လာခဲ့တာပါ။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရော်နယ်ဒိုဟာ ဘယ်သူ့ကိုမှလည်း မနှုတ်ဆက်ခဲ့ဘဲ နောက်ဆုံးမှာတော့ ကင်မရာမင်းဆီ မြားဦးလှည့်သွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အယ်လ်နာဆာဟာ လာမယ့် တနင်္လာနေ့မှာ မွန်နာစတဲနဲ့ အုပ်စု ဒုတိယပွဲစဉ်၊ လာမယ့်ကြာသပတေးနေ့မှာ ဇာမာလက်ခ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တို့ကို ရင်ဆိုင်ကစားရဦးမှာပါ။ ရော်နယ်ဒိုအနေနဲ့လည်း သူ့ရဲ့ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်ဖို့ အဆိုပါပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ဖို့ လိုအပ်နေသလို အယ်လ်နာဆာကလည်း နိုင်ပွဲပြန်လည်ရှာဖွေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။