ရော်နယ်ဒိုရဲ့အပြုအမူတွေကို အဘွန်လဟော်ကလည်း ဝေဖန်လာခဲ့တာပါ။

အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က နယူးကာဆယ်နဲ့ပွဲက ရော်နယ်ဒိုရဲ့ အပြုအမူတွေကို ဝေဖန်လိုက်ပြီး ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့က ဂိုးပေါက်ကန်သွင်းဖို့တောင် ကြောက်နေလောက်ပြီလို့ သုံးသပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က ဆိုးရွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာလည်း စိတ်ပျက်လက်ပျက်နဲ့ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာပါ။



ရော်နယ်ဒိုရဲ့ အပြုအမူတွေကို ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့သလို လက်ရှိအချိန်မှာလည်း အဘွန်လဟော်ကပါ ရော်နယ်ဒိုကို ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။ အဘွန်လဟော်က “ကျနော့်အတွက်တော့ ရော်နယ်ဒိုက သူ ဂိုးရဖို့တခုတည်းအတွက်ပဲ ဂရုစိုက်တဲ့လူမျိုးပါ”

“ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က တပွဲလုံး ဆိုးရွားခဲ့ပါတယ်။ သူက တချိန်လုံး လေထဲမှာ လက်ကြီးမြှောက်မြှောက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် အခွင့်အရေးမရလို့လေ။ ပွဲပြီးတော့လည်း ကွင်းထဲကနေ ချက်ချင်း ထွက်သွားပါတယ်”

“ကျနော်ထင်ပါတယ်။ သူအဝတ်လဲခန်းထဲမှာလည်း ပေါက်ကွဲနေဦးမှာပါ။ ရော်နယ်ဒိုရဲ့ ခံယူချက်က လွဲနေပါပြီ။ တကယ်လို့ ကျနော်သာ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ ဆန်ချိုတို့နေရာမှာသာဆိုရင် ဂိုးပေါက်ကန်သွင်းဖို့တောင် ကြောက်နေမှာပါ”

“သူတို့တွေ ဂိုးပေါက်ကို တကြိမ်ကန်လိုက်တိုင်း ရော်နယ်ဒိုက သူ့ဆီ ဘာလို့ ဘောလုံးမပေးတာလဲဆိုပြီး လက်ကြီးမြှောက်ရင်း ပြောဆိုနေမှာပါ။ အဝတ်လဲခန်းထဲမှာလည်း ဟာမိုနီမိတော့မှာ မဟုတ်ပါဘူး။ ရပ်ရှ်ဖို့ဒ်နဲ့ဂရင်းဝုဒ်တို့ရဲ့ စွမ်းဆောင်ရည်က ရော်နယ်ဒိုရောက်လာတည်းက ကျဆင်းသွားပါပြီ”

“သူတို့စိတ်ထဲမှာ ငါ ရော်နယ်ဒိုဆီ ဘောလုံးပေးရမယ်၊ ရော်နယ်ဒိုအတွက် အခွင့်အရေး ဖန်တီးပေးရမယ်ပဲ တွေးနေတော့မှာပါ။ ရော်နယ်ဒို မရောက်ခင်က ဂရင်းဝုဒ်က ဂိုးပေါက်ကန်သွင်းမှုတွေ လုပ်လေ့ရှိပါတယ်။ အခု မဟုတ်တော့ပါဘူး”

“သူတို့ စိတ်ထဲမှာ ရော်နယ်ဒိုကို ဘာလို့ ယူနိုက်တက်ဆီ ပြန်ခေါ်တာလဲလို့ တွေးနေကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဘွန်လဟော်ပြောသလိုမျိုးပဲ ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်တို့အကြား လူပေးမကစားဘဲ အကြိတ်အခဲတွေရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ 

Share

က္က