ချဲလ်ဆီးနဲ့ အီတလီလက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ဘလွန်းဒီအော်ဆု ချီးမြှင့်ပုံနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ (၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို ဒီလ (၂၉) ကျရင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာပါ။
ဒီဆုအတွက် မက်ဆီ၊ လီဝန်ဒေါစကီးနဲ့အတူ ဂျော်ဂျင်ဟိုလည်း ရေပန်းစားနေပြီး ဂျော်ဂျင်ဟို ရေပန်းစားနေတဲ့အပေါ် ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်အပါအဝင် အချို့တွေကတော့ မဖြစ်သင့်ဘူးလို့ သုံးသပ်ထားပါတယ်။
ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို နွေရာသီမှာလည်း အီတလီနဲ့အတူ ယူရိုချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးတာပါ။ ရာသီအစ ဥရောပစူပါဖလားကိုလည်း ဂျော်ဂျင်ဟိုက ချဲလ်ဆီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘလွန်းဒီအော်နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဂျော်ဂျင်ဟိုက “ကျွန်တော် ဘလွန်းဒီအော်ရသင့်လားဆိုတာကိုပြောဖို့ ကျွန်တော့်အပေါ် မူတည်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဆုက အခြားကစားသမားတွေအတွက်လည်း မက်လုံးတစ်ခုဖြစ်သင့်ပါတယ်။ နောက်ပြီး ဒီဆုကိုလည်း ဂိုးသွင်းတာတစ်ခုတည်း မကြည့်ဘဲ ပေးသင့်တာပေါ့”
“ကျွန်တော်ကတော့ မျှော်လင့်ချက်တွေ အများကြီး မထားချင်ပါဘူးဗျာ။ ဒါပေမယ့် ဒီဆုကိုရဖို့ ကျွန်တော် စိတ်ကူးမယဥ်ထားဘူးလို့ ပြောလိုက်ရင် ကျွန်တော်က ကြောင်သူတော်ပဲဖြစ်သွားမှာ။ ဒါပေမယ့် ကျွန်တော်မရဘူးဆိုလည်း စောဒကတက်နေမှာ မဟုတ်ပါဘူး”
“ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုပဲ အာရုံစိုက်သွားမှာပါ။ ဘာလို့လဲဆိုတော့ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကျွန်တော် ရပြီးသားပဲလေ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂျော်ဂျင်ဟိုဟာ လက်ရှိဘောလုံးရာသီမှာလည်း ချဲလ်ဆီးရဲ့အဓိကကွင်းလယ်လူတစ်ယောက်အဖြစ်ရှိနေပြီး သူပါဝင်ကစားတဲ့ပွဲတွေမှာ ချဲလ်ဆီးရဲ့ ကွင်းလယ်ဝင်ရိုးက တည်ငြိမ်ကာ ပွဲရဲ့အရှိန်ကို ကောင်းကောင်းထိန်းကျောင်းနိုင်တယ်လို့ ချီးကျူးခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။