အမေရိကန်ရဲ့ အကြီးဆုံး အီလက်ထရွန်းနစ်ဆေးမှတ်တမ်းကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ Epic Systems ဟာ Google Cloud နဲ့ ပူးပေါင်း လုပ်ဆောင်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဖောက်သည်တွေကို အကြောင်းကြားထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ Google Cloud နဲ့ လက်တွဲမှုရပ်ဆိုင်းကြောင်း Epic Systems ရဲ့ အကောင့်ကိုယ်စားလှယ်တွေကနေ ဖောက်သည်တွေဆီကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ CNBC က ဆိုပါတယ်။
Photo: EventBrite
Google ဝန်ထမ်း ၁၅၀ ဟာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေးစနစ်တစ်ခု ဖြစ်တဲ့ Ascension နဲ့ လက်တွဲလုပ်ဆောင်ချိန်မှာ သန်းဆယ်ဂဏန်းနဲ့ ချီတဲ့ လူနာတွေကို အသိမပေးဘဲ ၎င်းတို့ရဲ့ အချက်အလက်တွေ ရယူထားတယ်လို့လည်း Wall Street Journal က ဖော်ပြပြီးတဲ့နောက် Epic ကလည်း Google နဲ့ လက်တွဲဖြုတ်တဲ့ သတင်းတက်လာတာပါ။
Epic ကိုယ်စားလှယ်တွေကတော့ Google Cloud နဲ့ ဆက်ပြီး အလုပ်မလုပ်ဖြစ်ဖို့ ဆုံးဖြတ်တဲ့အကြောင်းတစ်ခုက ရင်းနှီးမြှပ်နှံထားတဲ့ ကတိအတိုင်း ကုမ္ပဏီရဲ့ ကျန်းမာရေးစနစ်သုံး ဖောက်သည်တွေအကြား စိတ်ဝင်စားမှု မရှိတာကြောင့်လို့ ဆိုပါတယ်။
Epic ရဲ့ ဖောက်သည်တွေ ဖြစ်တဲ့ ဆေးရုံတွေဟာ Google ရဲ့ Cloud အခြေပြုနည်းပညာကို ဆေးသုတေသန ၊ အချက်အလက် သိုလှောင်မှုနဲ့ ဖိုင်လွှဲပြောင်းမှုလိုမျိုး အခြေခံ အိုင်တီလုပ်ငန်းပိုင်းတွေမှာ အသုံးပြုကြတာပါ။ Epic ဟာ အမေရိကန်ရဲ့ အကြီးဆုံး ဆေးရုံစနစ်တွေအတွက် ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုပေးနေပါတယ်။
Photo: pymnts
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ Partners HealthCare ဟာ Epic ရဲ့ အီလက်ထရွန်းနစ်မှတ်တမ်း စနစ် တပ်ဆင်မှုပိုင်းအတွက် ဒေါ်လာ ၁.၂ ဘီလျံ သုံးစွဲခဲ့ပါတယ်။ Epic ဟာ Amazon Web Services (AWS) နဲ့ Microsoft Azure တို့နဲ့ လက်တွဲသွားဖို့ ရှိတယ်လို့လည်း သတင်းထွက်ထားပါတယ်။
Cloud Computing ပိုင်းမှာ Google ဟာ ဖွံ့ဖြိုးတိုးတက်မှု ရှိပေမယ့် ဈေးကွက်အရ Amazon Web Services နဲ့ Microsoft Azure တို့ရဲ့ နောက်မှာ ရှိပါတယ်။ Gartner ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ Cloud ဈေးကွက်မှာ AWS ဟာ ဈေးကွက်ရဲ့ ထက်ဝက်နီးပါးကို လွှမ်းမိုးထားပြီး Microsoft က (၁၅.၅%) ၊ Alibaba (၇.၇%) ၊ Google (၄%) နဲ့ IBM (၁.၈%) အသီးသီး ပိုင်ဆိုင်ထားပါတယ်။