ဖလော်ရီဒါပြည်နယ်မှာ ၁၉၉၇ ခုနှစ်ကတည်း ပျောက်ဆုံးသွားခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုတွေကို Google Earth မှာမြင်ရတဲ့ ရေနစ်မြုပ်နေတဲ့ ကားတစ်စီးအတွင်း တွေ့ရှိခဲ့ရပါတယ်။

(Photo: National Missing and Unidentified Persons System)

ဝီလျံမော့ဒ်ဆိုသူ အမျိုးသားဟာ ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် လန်တာနာမြို့ငယ်လေးကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က အသက် ၄၀ အရွယ် ဝီလျံဟာ နိုက်ကလပ်တစ်ခုကို သွားခဲ့ရာမှ နေအိမ်ကို ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။



ဝီလျံပျောက်ဆုံးမှုကို အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ထိုအမှုဟာ မဖော်ထုတ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဝီလျံပျောက်ဆုံးသွားခဲ့ပြီး ၂၂ နှစ်အကြာ ယခုနှစ် သြဂုတ် ၂၂ ရက်နေ့မှာတော့ ဖလော်ရီဒါပြည်နယ် ဝယ်လင်တန်ကျေးရွာရှိ ရေကန်တစ်ခုထဲမှာ ကားတစ်စီးနစ်မြုပ်နေတာကို Google Earth မှာ တွေ့ရကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားမှုရှိလာခဲ့ပါတယ်။

ထို့နောက် အဆိုပါကားကို ရေကန်ထဲမှာ ဆယ်ယူခဲ့ပြီး စစ်ဆေးခဲ့ရာ ကားအတွင်း အရိုးစုတွေကို တွေ့ခဲ့ရပါတယ်။ တစ်ပတ်အကြာမှာတော့ ကားအတွင်း တွေ့ခဲ့ရတဲ့ အရိုးစုတွေဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ပျောက်ဆုံးသွားခဲ့သူ ဝီလျံရဲ့ အရိုးစုတွေဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။

(Photo: Google Maps)

အမေရိကန်မှာ မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေရဲ့ အချက်အလက်များ စုစည်းထားတဲ့ Charley Project ဝက်ဘ်ဆိုက်မှာ ရေးသားထားမှုအရ အိမ်ခြံမြေ အဆောက်အအုံ လေ့လာသူတစ်ဦးက Google Earth မှာ ရှာဖွေနေစဉ် ရေကန်အတွင်း နစ်မြုပ်နေတဲ့ကားကို မြင်တွေ့သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါကားကို Google Earth ရဲ့ ဂြိုဟ်တုဓာတ်ပုံထဲမှာ ၂၀၀၇ ခုနှစ်ကတည်းက မြင်တွေ့နေနိုင်ခဲ့တာ ဖြစ်ပေမဲ့ ၂၀၁၉ ခုနှစ်အထိ မည်သူကမျှ သတိမပြုခဲ့မိကြကြောင်း Charley Project မှာ ရေးသားဖော်ပြထားပါတယ်။ ရေကန်စပ်နေရာမှာ နစ်မြုပ်နေတဲ့ ကားတစ်စီးကို Google Maps မှာလည်း မြင်တွေ့နိုင်ပါတယ်။

(Photo: Google Maps)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး Palm Beach County ရဲတပ်ဖွဲ့အကြီးအကဲက ဝီလျံဟာ ၎င်းရဲ့ကားကို မထိန်းနိုင်တော့ဘဲ ရေကန်ထဲသို့ ထိုးကျသွားခဲ့တာ ဖြစ်ပုံရကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ ဝီလျံ ပျောက်ဆုံးသွားတဲ့ညမှာ ၎င်းဟာ နိုက်ကလပ်ကနေ ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ပြန်သွားခဲ့တယ်လို့ National Missing and Unidentified Persons System ရဲ့ မှတ်တမ်းတစ်ခုက ဖော်ပြပါတယ်။

ဝီလျံဟာ အနေအေးသူတစ်ဦးဖြစ်ပြီး အပေါင်းအသင်းများသူ မဟုတ်ကြောင်းနဲ့ ထိုညမှာ မူးနေခဲ့ပုံမပေါ်ဘဲ ၎င်းရဲ့ကားဖြင့် တစ်ဦးတည်းပြန်သွားခဲ့ကြောင်း သိရပါတယ်။ "သူက မကြာခဏ အရက်သောက်တတ်သူ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီညကတော့ ဘားမှာ အရက်နည်းနည်းသောက်ခဲ့တယ်" လို့ National Missing and Unidentified Persons System မှတ်တမ်းကပြောထားပါတယ်။

(Map: BBC)

ဝီလျံဟာ ပျောက်ဆုံးသွားတဲ့ည ၉ နာရီခွဲခန့်မှာ ၎င်းရဲ့ချစ်သူထံကို ဖုန်းခေါ်ဆိုခဲ့ပြီး မကြာမီ အိမ်ပြန်ရောက်မယ်လို့ ပြောခဲ့သေးပေမဲ့ ထိုနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့တာဖြစ်ပါတယ်။ ယခု ဝီလျံရဲ့ အရိုးစုတွေကို တွေ့ရှိမှုအား ၎င်းရဲ့မိသားစုထံ အကြောင်းကြားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ သို့သော် ဝီလျံရဲ့ချစ်သူကိုတော့ ဆက်သွယ်ခဲ့ခြင်းရှိ မရှိ မသိရသေးကြာင်း BBC သတင်းက ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က