ဒီနှစ် စတုတ္ထသုံးလပတ်အတွင်းမှာ Google ရဲ့ ပထမဆုံး Foldable ဖုန်း မြင်ရမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ 

Google Pixel Fold ဟာ အနုတ် ၆၅၀ ဒီဂရီ စင်တီဂရိတ်အောက် နိမ့်တဲ့ အပူချိန်မှာ ဓါတုပေါင်းစပ်မှုတွေ လုပ်ထားတဲ့ ပိုလီခရစ္စတယ်လိုင်းအောက်ဆိုက် (LTPO) OLED display နဲ့ လာမယ်လို့လည်း ဆိုပါတယ်။ Google ဟာ ၂၀၁၉ ခုနှစ်ကတည်းက Foldable Smartphone ရှေ့ပြေးမော်ဒယ်တွေ ဖန်တီးလာတာပါ။ အရင်နှစ်တွေက Google ဟာ Passport ဆိုတဲ့ ကုဒ်နာမည်နဲ့ Foldable ဖုန်းတစ်လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ 




Photo: notebookcheck

Android 12.1 သစ်မှာ ပါလာမယ့် အချက်အလက်တွေအရဆို Google ဟာ Jumbojack နာမည်နဲ့ နောက်ထပ် Foldable Pixel တစ်လုံး ထုတ်နေတယ်လို့လည်း 9to5Google က ဖော်ပြထားပါတယ်။ Jumbojack ကုဒ်နာမည်အောက်မှာ ထုတ်ဖို့ လုပ်နေတဲ့ Foldable ဖုန်းမှာ display နှစ်ခု ပါဖို့ ရှိပြီး ဖုန်းကို ခေါက်ထားချိန်မှာ ဒုတိယ အရန် display ကို သုံးရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် Foldable ဒီဇိုင်းဟာ လက်ရှိထွက်ထားတဲ့ Samsung Galaxy Folde နဲ့ ဆင်ပါလိမ့်မယ်။ 

Foldable ဖုန်းသစ်ဟာ Pixel 6 series နဲ့အတူ မိတ်ဆက်မယ်လို့ ယူဆထားပါတယ်။ Pixel 6 ဖုန်းတွေကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားတာပါ။ Pixel 6/6 Pro ရဲ့ ဒီဇိုင်းနဲ့ အချက်အလက်တွေကတော့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပြီး ဖြစ်လို့ တကယ်မိတ်ဆက်ချိန်မှာ ဘယ်လို features သစ်တွေ ထပ်ပါမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရုံပါပဲ။ လတ်တလောသိထားတဲ့ အချက်အလက်တွေအရ Pixel 6 ဟာ ၆.၄ လက်မ FHD+ display နဲ့လာပြီး 90Hz refresh rate ပါမယ်လို့ ဆိုပါတယ်။ 

Photo: xda-developers


Pixel 6 Pro ကတော့ ၆.၇ လက်မ QHD+ panel သုံးပြီး 120Hz refresh rate အထိ support ပေးလာမှာပါ။ Pixel 6 series မှာ ဒီဇိုင်းအသစ် ဖြစ်လာပြီး ရှေ့ဘက် punch-hole ကင်မရာနဲ့ ကျောဘက်မှာ အလျားလိုက် Camera Bar သစ် သုံးလာမှာပါ။ Pixel 6 တွေမှာ အသားပေးဖော်ပြသွားဖို့ ရှိတဲ့ feature တစ်ခုက Tensor processor ဖြစ်ပြီး machine learning နဲ့ AI ပိုင်း ဆန်းသစ်မှုတွေ သုံးနိုင်ဖို့လည်း ရှိပါတယ်။ 

၂၀၂၁ အကုန်မှာ Pixel Foldable ဖုန်းကို အမှန်တကယ် မိတ်ဆက်သွားမလားဆိုတာ မသေချာသေးပေမယ့် စောင့်ကြည့်သင့်တဲ့ သတင်းတစ်ပုဒ် ဖြစ်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က