ကိုယ်သွားမယ့်ခရီးမှာ မြို့ဝင်ကြေးနဲ့ လမ်းကြေးဘယ်လောက်ကျမလဲ တွက်ချက်ပေးမယ့် စနစ်ကို Google Maps မှာ ထည့်သွင်းလိုက်ပြီလို့ ဆိုပါတယ်။
Android နဲ့ iOS နှစ်မျိုးလုံးအတွက် ထုတ်လိုက်တဲ့ Google Maps အက်ပလီကေးရှင်းရဲ့ Feature သစ်ထဲမှာ လမ်းကြောတလျှောက် ကျသင့်မယ့် ယာဉ်ဖြတ်သန်းခ ခန့်မှန်းတွက်ချက်ပေးနိုင်မယ့် လုပ်ဆောင်ချက် ပါလာတယ်လို့ ဆိုပါတယ်။ Android Police ဝက်ဘ်ဆိုက်မှာတော့ ခရီးစဉ်တစ်လျှောက် ကျသင့်မယ့်နှုန်းကို Google Maps က တွက်ပေးတဲ့ ပုံကို မျှဝေထားပါတယ်။
ဒီ Toll Feature ကို Google က အခုနှစ် ဧပြီလကထဲမှာ ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ဖြတ်သန်းခကို တွက်ချက်ရာမှာ "ဒေသယာဉ် လမ်းဖြတ်သန်းခ ကောက်ခံတဲ့ အာဏာပိုင်တွေဆီက ယုံကြည်ရတဲ့ သတင်းအချက်အလက်" ကို အခြေခံပြီး တွက်ချက်ဖော်ပြတာလို့ Google က ပြောပါတယ်။ Toll ဂိတ်ကြေး မဆောင်ချင်သူတွေအတွက် ပတ်မောင်းလို့ ရမယ့် Avoid Tolls options လေးလည်း Google Maps က ထည့်ပေးထားပါတယ်။
Google Maps မှာ အရင်က ခရီးသွားစဉ်မှာ ရှေ့နား Toll Gate ရှိကြောင်း အသိပေးတဲ့ စနစ်ပဲ ထည့်ထားပြီး Toll Gate ကြေးတော့ တွက်ချက်ပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ အခု Feature သစ်မှာ အမေရိကန် ၊ အိန္ဒိယ ၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို့က ယာဉ်ဖြတ်သန်းခကောက်ခံတဲ့ လမ်းပေါင်း ၂၀၀၀ နီးပါး ထည့်သွင်းထားပြီး နောက်ပိုင်းမှာ တခြားနိုင်ငံတွေအတွက်လည်း Support ပေးသွားမယ်လို့ ဆိုပါတယ်။