Play Store အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာမလား

တရုတ်နိုင်ငံက စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei ၊ Xiaomi ၊ OPPO နဲ့ Vivo တို့ဟာ အန်းဒရိုက် App Store ဈေးကွက်မှာ ကြီးစိုးနေတဲ့ Google Play Store ဝန်ဆောင်မှုကို ယှဉ်ပြိုင်ဖို့အတွက် ပလက်ဖောင်းတစ်ခု ပူးပေါင်း ဖန်တီးသွားမယ်လို့ ဆိုပါတယ်။


Huawei ၊ Xiaoimi နဲ့ BBK ပိုင် စမတ်ဖုန်းလုပ်ငန်းတွေ ဖြစ်တဲ့ OPPO နဲ့ Vivo တို့ဟာ တရုတ်နိုင်ငံပြင်ပက Developers တွေ ရေးဆွဲထားတဲ့ apps တွေကို သူတို့ရဲ့ App Stores တွေပေါ်မှာ တစ်ပြိုင်နက်တည်း upload တင်နိုင်မယ့် ပလက်ဖောင်းတစ်ခု ဖန်တီးဖို့ စုစည်းနေတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီ ၄ ခုဟာ Global Developer Service Alliance (GDSA) နာမည်နဲ့ ပူးပေါင်းလိုက်တာပါ။



ဒီပလက်ဖောင်းသစ်ဟာ နိုင်ငံခြားဈေးကွက်ကို တင်ပို့ချင်တဲ့ ဂိမ်း ၊ တေးသီချင်း ၊ ရုပ်ရှင်နဲ့ တစ်ခြား apps developers တွေအတွက် ပိုမိုလွယ်ကူအောင် ဖန်တီးပေးသွားမယ်လို့ ဆိုပါတယ်။ GDSA ကို လာမယ့် မတ်လထဲမှာ ဖြန့်ချိသွားဖို့ ရည်ရွယ်ထားပြီး နမူနာ ဝက်ဘ်ဆိုက်မှာတော့ ဒီပလက်ဖောင်းဟာ အိန္ဒိယ ၊ မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ရုရှားအပါအဝင် ဒေသ ၉ ခုမှာ ကနဦး မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။

GDSA နဲ့ ပတ်သက်ပြီး Huawei ၊ OPPO နဲ့ Vivo တို့မှ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ Xiaomi ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ Huawie ပါဝင်မှုကို ငြင်းဆန်ထားပြီး GDSA ဟာ Xiaomi ၊ OPPO နဲ့ Vivo တို့ရဲ့ app Store တွေပေါ် developers တွေအနေနဲ့ apps တွေကို တစ်ချိန်တည်း တင်နိုင်အောင် လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ နိုင်ငံဒေသအလိုက် အင်အားကြီးတဲ့ အမှတ်တံဆိပ်တွေ အဖြစ် ရှိနေပါတယ်။ Xiaomi ဟာ အိန္ဒိယမှာ‌ ဈေးကွက်ဝေစု အများဆုံးရထားသလို Huawei ကလည်း ဥရောပမှာ ရောင်းအားမြင့်တက်နေပါတယ်။ စတုတ္ထ သုံးလပတ်တင်ပို့မှုအရ ဒီစမတ်ဖုန်းကုမ္ပဏီ ၄ ခုပေါင်းရဲ့ တင်ပို့မှုဟာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုရဲ့ ၄၀% ကျော် ရှိနေပါတယ်။

Photo: Business Standard

Google ဝန်ဆောင်မှုတွေဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတာကြောင့် အန်းဒရိုက်သုံးသူ အများစုဟာ app များ ဒေါင်းလုပ်ဆွဲရာမှာ App Store အမျိုးမျိုးကနေ ကြုံသလို ဆွဲနေကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာတော့ Google Play Store ဟာ အကြီးဆုံး App Store ပလက်ဖောင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၈.၈ ဘီလျံခန့် ဝင်ခဲ့ပါတယ်။

Play Store ပေါ်က app တစ်ခုအတွက် Google ဟာ ကော်မရှင်ကြေး ၃၀% ကောက်နေတာ ဖြစ်ပါတယ်။ တရုတ် စမတ်ဖုန်းကုမ္ပဏီတွေ ပူးပေါင်းဖန်တီးသွားမယ့် App Store ပလက်ဖောင်းသစ်ဟာ Google Play Store အတွက် ပြိုင်ဘက်ဖြစ်လာဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က