ဂိမ်းတွေကို Install လုပ်စရာမလိုဘဲ လက်တန်းကစားနိုင်စေမယ့် Cloud Gaming ကို Google ရဲ့ Stadia ကြောင့် ၂၀၁၉ ခုနှစ်အတွင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

    ဗီဒီယိုဂိမ်းနဲ့ပတ်သတ်တဲ့ သတင်းတွေကို အမြဲလိုလိုနားစွင့်နေတဲ့သူတွေကတော့ ဒီနှစ်ထဲမှာပဲ Google က ကြေညာသွားတဲ့ Cloud Gaming Service "Stadia" အကြောင်းကို သိကြမှာပါ။


Google မှတာဝန်ရှိသူတွေကနေ Stadia နဲ့ပတ်သတ်လို့ နောက်ဆက်တွဲထုတ်ပြန်လိုက်တဲ့ အချက်တွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ Cloud Gaming ဟာ PC, Console, Mobile စတဲ့ ပလက်ဖောင်းတွေကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုရမှာပါပဲ။



         Stadia ရဲ့အကြောင်းကိုမပြောခင် Cloud Gaming ဆိုတာ ဘာလဲမသိသူတွေအတွက် အရင်ဦးဆုံး ရှင်းပြချင်ပါတယ်။ Cloud Gaming ဟာ ဘယ်လို PC, Mobile Device ကိုမဆို အဆင့်မြင့်ဂိမ်းစက်တစ်လုံးရဲ့ စွမ်းဆောင်ရည်မျိုး ရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ Service မျိုးပါ။


Cloud Gaming Service လိုချင်ရင် လစဉ်ကြေးနဲ့ပေးချေရပြီး ဂိမ်းကစားချင်တယ်ဆိုရင် ဂိမ်းကိုသက်သက် ထပ်ဝယ်ရပါတယ်။ Service လည်းယူထားပြီးပြီ ကိုယ်ကစားချင်တဲ့ဂိမ်းကိုလည်း ဝယ်ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ PC ဒါမှမဟုတ် Mobile Device မှာ GTX 1080 Ti (ဒါမှမဟုတ်) ဒီထက်မြင့်တဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ပါပြီ။


         ကိုယ့်စီမှာ ဘယ်လောက်စွမ်းဆောင်ရည်နိမ့်တဲ့ PC သို့မဟုတ် Mobile Device ဖြစ်နေပါစေ Cloud Gaming Service တွေကို လစဉ်ကြေးပေးပြီးယူလိုက်တာနဲ့ High-end Device ပေါ်မှာဂိမ်းကစားရတဲ့ အတွေ့အကြုံတွေကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Cloud Gaming ဟာ Hardware Device လိုအပ်ချက်မရှိဘူးဆိုပေမယ့် တည်ငြိမ်ပြီးလိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်းတော့ လိုပါတယ်။ လက်ရှိအချိန်မှာ လူအများစုအသုံးပြုနေတဲ့ Cloud Gaming Service တွေကတော့ Shadow, Nividia ရဲ့ Geforce Now, Sony ရဲ့ PlayStation Now စသဖြင့် ရှိပါတယ်။ တစ်ခုနဲ့တစ်ခု ပေးတဲ့ Service တွေမတူသလို လစဉ်ကြေးများကလည်း မတူကြပါဘူး။

         Cloud Gaming အကြောင်း ပြောပြီးပြီဆိုတော့ Google ရဲ့ Stadia အကြောင်းကို ဆက်လိုက်ရအောင်။ Google Stadia က ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Madj Bakar က သူတို့ရဲ့ Google Stadia ဟာ နောက်ထွက်မယ့် PC, Console စတဲ့ ပလက်ဖောင်းအကုန်လုံးထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာ PC မှာစွမ်းဆောင်ရည်အမြင့်ဆုံး GPU ဖြစ်တဲ့ RTX 2080 Ti ရော မထွက်သေးတဲ့ Sony ရဲ့ PlayStation 5 နဲ့ Xbox Project Scarlett ရောပါဝင်တယ်လို့ ဆိုပါတယ်။


         Stadia က ဘယ်နေရာမှာ သာသွားမှာလဲဆိုတော့ Latency ပိုင်းမှာပါ။ Cloud Gaming Service ဆိုတော့ Network Latency ပေါ့။ Latency ဆိုတာ ကွန်ယက်တစ်ခုနဲ့တစ်ခုအကြားက ခရီးကြာချိန်ကို ဆိုလိုတာဖြစ်ပြီး မီလီစက္ကန့် (ms) နဲ့တိုင်းတာပါတယ်။


20 ms ကနေ 100 ms အထိရှိမယ်ဆိုရင်တော့ ဂိမ်းအများစုကို ချောချောမွေ့မွေ့ဆော့ကစားနိုင်မှာဖြစ်ပြီး တချို့သောဂိမ်းကြီးတွေကို 4K Resolution နဲ့ကစားချင်ရင်တော့ ဒီထက်ပိုမြန်တဲ့ Latency လိုပါတယ်။ Google Stadia ကတော့ Negative Latency ကိုပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။ ပြောချင်တာကတော့ Latency ဟာ 0 ms အောက်မှာရှိနေမှာဖြစ်ပြီး ဂိမ်းအားလုံးကို Lag ခြင်းအလျဉ်းမရှိဘဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

         ဒီလိုစွမ်းဆောင်ပေးနိုင်တာဟာ သူတို့အသုံးပြုမယ့် AI (Artificial Intelligence) ကြောင့်ပါ။ အဲဒီ AI က ကစားသမားတွေ ဘယ်ခလုတ်ပြီးရင် ဘယ်ခလုတ်ကိုနှိပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းပေးမှာပါ။ AI က ကြိုတင်ခန့်မှန်းပြီးလုပ်ပေးတာကြောင့် ခလုတ်နဲ့ဖန်သားပြင်ကြားက ခရီးကြာချိန်ကိုလျှော့ချပေးမှာဖြစ်ပြီး Latency လုံးဝမရှိတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘယ် Hardware Device ကမှ အဲဒါမျိုးမစွမ်းဆောင်နိုင်သေးပါဘူး။


         Google Stadia ကို လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ကနေစတင်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံအချို့မှာ စတင်ဝန်ဆောင်မှုပေးမှာဖြစ်ပြီး Free Base Level နဲ့ လစဉ်ကြေး ၁၀ ဒေါ်လာ ပေးဆောင်ရမယ့် Pro Level ဆိုပြီး နှစ်မျိုးလာမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Founder's Edition ပဲလာဦးမှာဖြစ်ပြီး Stadia Pro ကိုတော့ ၂၀၂၀ မှ စတင်ဝန်ဆောင်မှုပေးမှာပါ။

Google Stadia ကို Google Chrome အသုံးပြုလို့ရတဲ့ ဘယ် Device မှာမဆိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Google Stadia မှာ 720p 60 fps နဲ့ကစားချင်ရင် အနည်းဆုံး 10Mbps ရှိတဲ့အင်တာနက်လိုင်းလိုမှာဖြစ်ပြီး 1080p 60 fps 5.1 Surround နဲ့ကစားဖို့အတွက် 20Mbps ၊ 4K 60 fps 5.1 Surround နဲ့ကစားဖို့အတွက် 35Mbps အင်တာနက်လိုင်းလိုမှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ 4K Resolution ကို 60 fps နဲ့ အထိသာ ဆော့ကစားနိုင်ဦးမှာဖြစ်ပြီး အနာဂတ်မှာ 8K Resolition ကို 120 fps နဲ့ ဆော့ကစားလို့ရတဲ့အထိ စွမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီလောက်ဆိုရင် Cloud Gaming ရဲ့ အနာဂတ်ကို ခန့်မှန်းလို့ရနေပါပြီ။ အနာဂတ်မှာ PC တွေ Console တွေကို ရင်ဘောင်တန်းနိုင်ရုံမက အလဲပါထိုးတော့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က