ဖရန့်ဖတ်နဲ့ပွဲမှာသွင်းယူခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ဖရန့်ဖတ်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ ဆွန်ဟောင်မင် သွင်းယူခဲ့တဲ့ စပါးရဲ့ တတိယအနိုင်ဂိုးက တော်တော်လေးကို တိကျကောင်းမွန်ခဲ့တာကြောင့် ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ စပါးက ဖရန့်ဖတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် စပါးတို့ သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



ဆွန်ဟောင်မင်ကလည်း ဒီပွဲမှာ နှစ်ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီး စပါးအတွက် ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်တွေကို ဆက်လက်အားကောင်းစေခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၃၅) မိနစ်မှာ ဆွန်ဟောင်မင်က အသင်းဖော် ဟို့ချ်ဘာ့ချ် အသာလေး ‘မ’ တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ မြေမကျဘော အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။



ပေးပို့မှုကလည်း တိကျသေချာခဲ့သလို ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကလည်း သပ်ရပ်လှပခဲ့ပြီး ဖရန့်ဖတ် ဂိုးသမား ကီဗင်ထရပ် လှုပ်ချိန်တောင်မရလိုက်ဘဲ ဂိုးပေးလိုက်ရတာပါ။ စပါးဟာ ဒုတိယပိုင်းပြီးခါနီးမှာ ပင်နယ်တီရရှိခဲ့သေးပေမယ့် ဒီပင်နယ်တီကို ဟယ်ရီကိန်းက ဝင်အောင် မကန်နိုင်ခဲ့တာကြောင့် ချေပဂိုးတဂိုးပြန်ပေးလိုက်ရတဲ့နောက် ၃-၂ ဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအနိုင်ရလဒ်က စပါးအတွက် အကျိုးရှိခဲ့ပြီး အုပ်စု (၄) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၇) မှတ်နဲ့အတူ အုပ်စုတွင်းပြိုင်ဘက်အားလုံးရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ကန်ချက်နဲ့ပတ်သက်လို့လည်း ပရိသတ်တွေက “ဆွန်ဟောင်မင်ပြန်လာပါပြီ” “ကျည်ဆံလိုမျိုး ဘယ်လောက်တောင် ပြင်းထန်အားပါလိုက်တဲ့ ကန်ချက်လဲ” အစရှိသဖြင့် အမျိုးမျိုး ချီးမွမ်းနေခဲ့ကြပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီရာသီအစောပိုင်းမှာ ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ဖိအားတွေနဲ့ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး (၅) ဂိုးရရှိထားတဲ့နေရာမှာ ဆွန်ဟောင်မင်က လက်စတာနဲ့ပွဲမှာ ဟက်ထရစ်၊ မနေ့က ဖရန့်ဖတ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က