အာဆင်နယ်ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး သီယာရီအွန်နရီက မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်တယောက် အပိုင်အခွင့်အရေးတွေ ဂိုးမဝင်ခဲ့တဲ့အပေါ် ပြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းမှာတည်းက ပြိုင်ဘက် ဂိုးပေါက်ကို တရစပ်ခြိမ်းခြောက်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကလည်း ဒီပွဲမှာ အပိုင်အခွင့်အရေး သုံးကြိမ်လောက်ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီအခွင့်အရေးတွေကို စပါးဂိုးသမား လိုရစ်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်အတွက် ကံဆိုးခဲ့ရပါတယ်။ အွန်နရီကတော့ ဒီလိုမျိုး ရပ်ရှ်ဖို့ဒ် ဂိုးမရခဲ့တဲ့အပေါ် ကစားသမားအနေနဲ့ ဂိုးပေါက်ကို ကန်သွင်းတဲ့နေရာမှာ ဦးနှောက်သုံး ကန်သွင်းတာမျိုးမရှိဘဲ အားကုန်ထုတ် ကန်သွင်းနေတာမျိုးပဲ လုပ်နေတယ်လို့ ယူဆနေပုံပါ။
အွန်နရီက “ခင်ဗျား ဂိုးပေါက်ကိုကြည့်လိုက်၊ ပြီးမှ အဆုံးသတ်လိုက်၊ အတိအကျရအောင်လုပ်ပေါ့။ အခုက အုန်းခနဲ ကန်ချလိုက်တယ်။ ဘာကြောင့် ဒီလောက်တောင် ကန်ရတာလဲ။ ခြေခွင်နဲ့ အဆုံးသတ်လိုက်။ ဂိုးတာပဲ။ နောက်ဆို ခင်ဗျား သိလာမယ်။ အခုက သူ့အတွက် ကန်လိုက်တာ မှန်ကန်ပေမယ့် လိုရစ်ကလည်း အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အီဗရာက “လူတိုင်းက ခင်ဗျားဦးနှောက်လိုမျိုး မဟုတ်ဘူးလေ အွန်နရီ” လို့ ဝင်ပြောခဲ့သေးပေမယ့် အွန်နရီက “မဟုတ်ပါဘူး။ ကျနော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားမှာလည်း ဦးနှောက်ရှိတာပဲလေ။ ဦးနှောက်သုံးပေါ့” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်က ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ယူနိုက်တက်အတွက် ဖရက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့က ကိုယ်စီ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အသက် (၂၄) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ (၅) ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ တန်ဟက်ခ်ကလည်း ရပ်ရှ်ဖို့ဒ်ရဲ့ ဒီရာသီ အလားအလာနဲ့ပတ်သက်လို့ မျှော်လင့်ထားပြီး တရာသီအတွင်း သွင်းဂိုး (၂၀) ရယူနိုင်ဖို့ ရပ်ရှ်ဖို့ဒ်ကို ပစ်မှတ်ထား ကြိုးစားခိုင်းထားတယ်လို့ သိရှိရပါတယ်။