ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ တပတ်ပြီးတပတ် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပြန်ပါပြီ။ မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို စိတ်မပါလက်မပါနဲ့ ကစားနေခဲ့တာကြောင့် ပရိသတ်တွေက သူ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပြီး ပွဲချိန်အတွင်းမှာလည်း ပြန်အံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းဖို့ အားမစိုက်ခဲ့လို့ အားလုံးက ဒေါသထွက်နေကြပြီဖြစ်ပါတယ်။
မက်တော်မီနေးရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းအရတော့ ယူနိုက်တက် အားရစရာအနေအထားမှာမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးတဦးရဲ့ အဆုံးစွန်ထိအားထုတ်ကြိုးပမ်းရမယ့် အခြေအနေမှာ ဘာမှမလုပ်ခဲ့ဘဲ စိတ်ပျက်လက်ပျက်အမူအယာနဲ့သာ တုံ့ပြန်သွားခဲ့ပြီး ပြိုင်ဘက်ဂိုးသမားနဲ့ ခံစစ်ပိုင်းကို စိတ်သက်သာရာရစေခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ အဆိုပါအနေအထားမှာ ဘောလုံးကိုလိုက်လုပြီး ဂိုးရဖို့အားထုတ်ရမှာဖြစ်ပေမယ့်လည်း သူ့ဆီဘောလုံးမပေးခဲ့တာကိုသာ လက်ဟန်ခြေဟန်နဲ့ စိတ်ပျက်တဲ့အမူအယာပြသခဲ့ပြီး မာတီနက်ဇ်က ဘောလုံးကို အေးအေးဆေးဆေးဖမ်းယူသွားခဲ့ပါတယ်။ တွစ်တာပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေက ဒီမြင်ကွင်းအတွက် တော်တော်လေးပေါက်ကွဲနေပြီး အဲဒီနေရာမှာ ရော်နယ်ဒိုသာဆို ၂-၀ ဖြစ်နေပြီလို့ ပြောဆိုခဲ့ကြပါတယ်။
ရက်ရှ်ဖို့ကိုလည်း တော်တော်လေးကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုဝေဖန်ခဲ့ကြကာ ဒီထက်ပိုကောင်းတဲ့ပုံစံကို မြင်တွေ့ချင်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။