မနေ့ညနေပိုင်းက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်က မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့ဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း ယူနိုက်တက်တို့ ဂိုးပြတ်ဦးဆောင်ထားချိန်မှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ သူ့ကစားသမားကို ဒေါသတကြီး အော်ဟစ်ဆဲဆိုနေတဲ့အသံကို ပရိသတ်တွေကြားသိခဲ့ရပါတယ်။
တန်ဟက်ခ်လက်ထက် ယူနိုက်တက်ဟာ လီဗာပူး၊ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲသုံးပွဲလုံးမှာ ဂိုးပြတ်တွေနဲ့ချည်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ကတော့ သူ့အသင်းနဲ့ပတ်သက်လို့ လိုအပ်ချက်တွေရှိနေသေးကြောင်း၊ တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း တဖွဖွပြောကြားလျက်ရှိပါတယ်။
အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ပွဲကစားချိန် (၈၇) မိနစ်မှာ ယူနိုက်တက်တို့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး အနိုင်သေချာသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ ကွင်းဘေးမှာရှိတဲ့ အသံဖမ်းမိုက်တွေကတဆင့် “ဟေ့ကောင် မင်းဘာသောက်သုံးမကျလုပ်နေတာလဲ” လို့ ကစားသမားတယောက်ကို လှမ်းအော်နေတဲ့ တန်ဟက်ခ်ရဲ့ အသံ ထွက်ပေါ်လာခဲ့ပါတယ်။
ဘယ်ယူနိုက်တက်ကစားသမားကို တန်ဟက်ခ်လှမ်းပြီး အော်ဟစ်လဲ မသဲကွဲကြပေမယ့် တန်ဟက်ခ်တယောက် သေချာပေါက် ဒီလိုအော်ဟစ်ခဲ့တယ်လို့ ပရိသတ်တွေကတော့ မှတ်ချက်ပြုနေကြပါတယ်။ ပရိသတ်တွေက “မင်း ဘာသောက်သုံးမကျလုပ်နေတာလဲဆိုပြီး တန်ဟက်ခ် အော်လိုက်တာကို ရှင်းရှင်းကြီး ကြားလိုက်ပါတယ်။ ဘယ်သူ့ကိုအော်မှန်းတော့ မသိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ပေးလိုက်ရတဲ့ဂိုးက ဂိုးသမား ဒီဂီယာရဲ့အမှားကြောင့်ဖြစ်ပြီး ပရိသတ်တွေကတော့ တန်ဟက်ခ် ဒီဂီယာကို အော်ဟစ်လိုက်တယ်လို့ဆိုနေကြသလို အချို့ကလည်း လူငယ်ကစားသမား ချာလီဆားဗေ့ချ်ကို တန်ဟက်ခ် အော်ဟစ်နေခဲ့တယ်လို့ အမျိုးမျိုးသုံးသပ်နေကြပါတယ်။