နော်တင်ဟမ်ဖောရက်စ်ကတော့ အာဆင်နယ်အတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။ အာဆင်နယ်က အိမ်ကွင်းမှာ တန်းတက်အသင်းတသင်းကို သက်သောင့်သက်သာနဲ့ပဲ ဂိုးပြတ်နိုင်ပွဲတပွဲကို ဖော်ဆောင်သွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တခု နစ်နာခဲ့တာက ဆာကာ ဒဏ်ရာရသွားတာပါပဲ။
ဆာကာက မာတီနယ်လီရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ သူ့ ဒဏ်ရာက သူကိုယ်တိုင်အတွက်ရော၊ အာဆင်နယ်အတွက်ရော၊ အင်္ဂလန် လက်ရွေးစင်အတွက်ပါ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားကျင်းပဖို့ကလည်း ရက် (၂၀) လောက်ပဲ လိုတော့တာပါ။
နော်တင်ဟမ်ဖောရက်စ်ကတော့ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို အိမ်ကွင်းမှာ နိုင်ခဲ့တဲ့အရှိန်နဲ့ အာဆင်နယ်ကို ဆက်လက်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ဖို့အတွက် မဖြစ်မနေ အနိုင်လိုအပ်ခဲ့ပြီး အသာစီးကစားရင်း ဂိုးပြတ်နိုင်ပွဲတပွဲကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာတော့ အာဆင်နယ်တို့ ဘရာဇီးသား မာတီနယ်လီရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ ဦးဆောင်နေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေကို ဆက်တိုက်မြင်တွေ့ခဲ့ရပြီး ဆာကာနေရာ လူစားဝင်လာတဲ့ ရိုက်စ်နယ်လ်ဆင်က အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ ဒီကစားသမားလေးက (၈) မိနစ်အတွင်းမှာတင် နှစ်ဂိုး သွင်း၊ တဂိုးဖန်တီးပေးခဲ့ပြီး ဂိုးလာဘ်ပွင့်ခဲ့တာပါ။
ပါတေးရဲ့သွင်းဂိုးအတွက်လည်း နယ်လ်ဆင်ကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်က ဖေဘီယိုဗီအဲရာ၊ စီဒရစ်၊ အန်ကီတီယာ၊ တီယာနေးတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ကစားပုံက မပျက်သွားခဲ့ဘဲ လိုအပ်သလို ကစားရင်း ငါးဂိုးမြောက် ပွဲသိမ်းဂိုးကို အသင်းခေါင်းဆောင် အိုဒီဂတ်က သွင်းယူပေးခဲ့ပါတယ်။