ရီးရဲလ်မက်ဒရစ်ကတော့ ဆယ်လ်တာဗီဂိုကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူပြီး လာလီဂါအဖွင့်ပွဲနှစ်ပွဲစလုံးကို ရမှတ်အပြည့်ယူနိုင်ခဲ့ပါတယ်။ ကက်စ်မဲရိုးမပါဝင်တော့တဲ့ လူစာရင်းမှာ ချူဝါမန်နီကို အန်ဆယ်လော့တီက အသုံးပြုခဲ့ပြီး မိုဒရစ်၊ ကာမာဗင်ဂါတို့နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ဒါက လာမယ့်ကာလတွေမှာ ရီးရဲလ်ကွင်းလယ်ကို ထိန်းချုပ်မယ့် ပြင်သစ်ကြယ်ပွင့်နှစ်ဦးကို စမ်းသပ်အသုံးပြုနေပြီလားလို့ ယူဆရပါတယ်။
ဘန်ဇီမာက အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး အက်စ်ပက်က ချေပပေးခဲ့ပေမယ့် မိုဒရစ်၊ ဗင်နီရှပ်နဲ့ ဗယ်လ်ဗာဒီတို့က နောက်ထပ်အနိုင်ဂိုးတွေသွင်းယူကာ အဝေးကွင်းမှာ ၁-၄ နဲ့ ရီးရဲလ်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဗင်နီရှပ်ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ၁ဂိုးသွင်း ၁ ကြိမ်ဖန်တီးပေးခဲ့ကာ ဘန်ဇီမာ၊ မိုဒရစ်တို့လည်း ဒီရာသီအတွက် ပထမဆုံးသွင်းဂိုးတွေကို ရယူနိုင်ခဲ့ကြပါတယ်။
ဒီနိုင်ပွဲဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူကက်စ်မဲရိုးကို ရီးရဲလ်ဘက်က အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ ၉ နှစ်ကြာကစားပေးခဲ့ပြီး အမာခံကစားသမား၊ အဓိကအကျဆုံးကစားသမားတွေထဲ က တဦးဖြစ်ခဲ့တဲ့ ကက်စ်မဲရိုးက ယူနိုက်တက်ကို ယူရိုသန်း ၆၀နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
အခုအခါမှာ ကက်စ်မဲရိုးမပါဝင်တော့တဲ့ ပွဲကို ရီးရဲလ်တို့ စတင်ကစားခဲ့ရတာဖြစ်ပြီး နိုင်ပွဲနဲ့အတူ သူတို့ကစားသမားကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။ ချူဝါမန်နီကတော့ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့ပြီး အသိအမှတ်ပြုရမယ့်ပုံစံမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်ပိုမိုရရှိလာချိန်မှာ သူ့ခြေစွမ်းနဲ့ ယုံကြည်မှုပိုင်းက ပိုအားကောင်းလာဖို့ရှိနေပြီး ကက်စ်မဲရိုးနေရာကို သူ ဘယ်လောက်ထိ တာဝန်ယူဖြည့်ဆည်းပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။