အာဆင်နယ်ပရိသတ်တယောက်ဖြစ်တဲ့ YouTuber ကာလက်စ်ဟာ မနေ့ညက နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းနဲ့ပတ်သက်လို့ ယုံယုံကြည်ကြည် လောင်းကြေးစားကြေးလုပ်ခဲ့ပြီး အကျိုးဆက်အနေနဲ့ သူ့လောင်းကြေးငွေရဲ့ (၃၃) ဆကို ရယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အာဆင်နယ်ဟာ တန်းတက်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံကစားခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲအတွက် ကာလက်စ်က ဂိုးစသွင်းမယ့် ကစားသမားအဖြစ် မာတီနယ်လီ၊ ပွဲပြီးရလဒ်အဖြစ် အာဆင်နယ် ၅-၀ နော်တင်ဟမ်ဖောရက်စ်လို့ ခန့်မှန်းပေးခဲ့တာပါ။ ဒီအတွက် ကာလက်စ်က (၁၂၅) ပေါင် ရင်းနှီးခဲ့ပြီး ကွက်တိမှန်ခဲ့ရင်တော့ လောင်းကြေးငွေရဲ့ (၃) ဆ ပေါင် (၄,၂၅၀) အထိ ရရှိမှာဖြစ်ပါတယ်။
တကယ်တမ်း ပွဲကစားချိန်မှာလည်း အာဆင်နယ်အတွက် အဖွင့်ဂိုးကို မာတီနယ်လီက ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း အာဆင်နယ်အတွက် ရိုက်စ်နယ်လ်ဆင်က နှစ်ဂိုး၊ ပါတေးနဲ့ အိုဒီဂတ်တို့က တဂိုးစီသွင်းယူပေးခဲ့ပြီး အာဆင်နယ်တို့ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကာလက်စ်အနေနဲ့ အများဆုံး ထုတ်ယူနိုင်မယ့် ငွေကြေးပမာဏ ပေါင် (၄,၂၅၀) ကို ထုတ်ယူနိုင်ခဲ့ပါတယ်။
ကာလက်စ်ကတော့ သူ အခုလိုမျိုး လောင်းကြေးထပ်ထားတဲ့ စာရွက်ကို တွစ်တာပေါ်မှာ တင်ခဲ့ပြီး “Please for the love of God Arsenal” လို့လည်း ရေးသားခဲ့ပါသေးတယ်။ ကာလက်စ်ရဲ့ လောင်းကြေးနိုင်ခဲ့မှုကိုလည်း ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေက သဘောကျ ပီတိဖြစ်နေကြပါတယ်။
အာဆင်နယ်ဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အာဆင်နယ်အတွက် နစ်နာခဲ့တာတခုက အသင်းရဲ့ အဓိက,ကစားသမား ဆာကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်ခင်အထိ အသင်းရဲ့လက်ကျန်ပွဲတွေကို လွဲချော်ရတော့မှာပါ။