သူ့တပည့်ကို ကွင်းဘေးမှာပဲ ချော့ခဲ့ရတာပါ။

အာဆင်နယ်နဲ့ကစားခဲ့တဲ့ မနေ့ညကပွဲစဉ်မှာ ဆွန်ဟောင်မင်တယောက် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ဆွန်ဟောင်မင်ရဲ့ ဒီရာသီလိဂ်ဂိုးဟာ ၂၁ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် လီဗာပူးလ်တိုက်စစ်မှူးဆာလာကို စိန်ခေါ်နေပြီလည်းဖြစ်ပါတယ်။ 

အဆိုပါသွင်းဂိုးအားလုံးမှာ ဆွန်ဟောင်မင်က ပင်နယ်တီဂိုးလုံး၀မပါဝင်ခဲ့ဘူးလို့လည်း သိရပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာလည်း စပါးအတွက် အဖိုးတန်ဂိုးကို ဆွန်က သွင်းယူပေးခဲ့ပြီး အာဆင်နယ်ကိုလည်း ထပ်မံသွင်းယူနိုင်ခဲ့လို့ အသင်းကြီးနှစ်သင်းကို ဆက်တိုက်ဆိုသလို ဂိုးသွင်းနိုင်ခဲ့ပြီး တောင်ကိုရီးယားသားရဲ့ ခြေစွမ်းက အမြင့်ဆုံးအနေအထားကို ရောက်ရှိနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ကွန်တီက အနိုင်ရလဒ်သေချာသွားခဲ့တဲ့နောက်မှာ ဆွန်ဟေင်မင်ကို ဘာဝိန်းနဲ့ ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲလှယ်ခဲ့ပါတယ်။ ဒီလိုလူစားလဲလှယ်ခံရတဲ့အပေါ်မှာ ဆွန်ဟောင်မင်က မကျေမနပ်ဖြစ်နေခဲ့ပြီး သူ လူစားမလဲချင်ဘူးဆိုတာကို မျက်နှာအမူအယာနဲ့ ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ကွန်တီက အားထားရတဲ့ သူ့တပည့်ကို ကွင်းဘေးမှာပဲ ပွေ့ဖက်နှစ်သိမ့်ခဲ့ပြီး အကျိုးအကြောင်းရှင်းပြခဲ့ရတာကို ရုပ်သံတွေက အမိအရရိုက်ကူးပြခဲ့ပါတယ်။ 

ဆွန်ဟောင်မင်အနေနဲ့ ရွှေဖိနပ်ဆုအတွက် သူကိုယ်တိုင်လည်း မျှော်လင့်ထားတယ်ဆိုတာကို အထင်အရှားမြင်ခဲ့ရတာပါ။ အဆိုပါဆုအတွက် ဂိုးတွေရသလောက်သွင်းယူချင်နေချိန်မှာပဲ နည်းပြ လူစားလဲခဲ့လို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး တော်တန်ရုံဆိုရင် ဂရုမစိုက်တတ်တဲ့ ကွန်တီလိုနည်းပြက အကျိုးအကြောင်းရှင်းပြကာ နှစ်သိမ့်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

က္က