ဟာဗက်ဇ်ရဲ့ ကန်ချက်က အမှိုက်ပုံးထဲကို ဝင်သွားခဲ့တာပါ။

ချဲလ်ဆီးကြယ်ပွင့် ကိုင်ဟာဗက်ဇ်တယောက် ကလပ်အမေရိကနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အစွမ်းပြခဲ့တဲ့ဖြစ်ရပ်တခုက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ အမေရိကန်မှာ ကစားခဲ့တဲ့ ဒီပွဲဟာ ချဲလ်ဆီးအတွက် လက်ရှိနွေရာသီ ပထမဆုံးရာသီကြိုခြေစမ်းပွဲလည်းဖြစ်ခဲ့ပါတယ်။



ဒီပွဲမှာတော့ ချဲလ်ဆီးက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးအတွက် ဟာဗက်ဇ်၊ ဇီယက်ချ်၊ အိုဒွိုင်း၊ ချီဝဲလ်၊ ဂယ်လာဂါ၊ သီယာဂိုဆေးလ်ဗား၊ မန်ဒီတို့လို ကစားသမားတွေ ပါဝင်ကစားခဲ့ပေမယ့် ချဲလ်ဆီးတို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီပွဲမှာ မြင်တွေ့ခဲ့ရတဲ့ သုံးဂိုးလုံးက ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရတာပါ။

ပထမပိုင်းမှာ ပြောစရာဖြစ်ခဲ့တာက ချဲလ်ဆီးတိုက်စစ်ကြယ်ပွင့် ဟာဗက်ဇ် အပိုင်အခွင့်အရေးတကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြေးလမ်းကြောင်းထဲရောက်ရှိလာတဲ့ဘောလုံးကို ဟာဗက်ဇ်က အတူပါလာတဲ့ ဇီယက်ချ်ဆီ မခင်းပေးတော့ဘဲ အပိုင်ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ကန်ချက်က ဂိုးဘားပေါ်ကျော်သွားခဲ့ပြီး ဂိုးလွန်ဘောအဖြစ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။



ဒီလိုမျိုး ဟာဗက်ဇ်ရဲ့ ကန်ချက် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာက သာမန်အားဖြင့် အထွေအထူးပြောစရာမဟုတ်ပေမယ့် ဒီဘောလုံးက အနောက်မှာရှိတဲ့ အမှိုက်ပုံးထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရှိနေတဲ့ ပွဲကြည့်စင်အကာအရံကို ထိပြီးတဲ့နောက် ဒီဘောလုံးက အမှိုက်ပုံးထဲ ကွက်တိရောက်သွားခဲ့တာပါ။

ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ တီမိုဝါနာက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး မိနစ် (၆၀) မှာတော့ ရီစီဂျိမ်းစ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။ ပွဲကစားချိန် (၈၃) မိနစ်မှာတော့ မေဆင်မောင့်က ချဲလ်ဆီးအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က