တော့ဒ်ဘိုလေက မှားယွင်းပြောကြားခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းရဲ့နည်းစနစ်ပိုင်းတွေကို ဝင်ရောက်စွက်ဖက်တဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုလေကို ဝေဖန်ပြောကြားလာခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဘိုလေနဲ့ ပူးတွဲအသင်းပိုင်ရှင် အက်ဘာလီတို့ဟာ ဂိုးသမားမပါတဲ့ ကစားသမား (၁၁) ယောက်ကို စာရင်းလုပ်ကာ ၄-၄-၃ နဲ့ ကစားဖို့ ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။



ဒီသတင်းတွေကိုတော့ ငြင်းဆန်ထားကြပေမယ့် ဒါဟာ အသင်းပိုင်ရှင်တယောက်အနေနဲ့ ဘောလုံးအကြောင်းကို ကောင်းကောင်းနားမလည်ဘဲ နည်းပြရဲ့ နည်းစနစ်ပိုင်းကို ဝင်ရောက်ချုပ်ကိုင်ဖို့ ကြိုးစားခြင်းဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ဖာဒီနန်ကလည်း “ကျနော်ကြားထားတဲ့သတင်းတွေရှိပါတယ်။ သူတို့က နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းတွေမှာ အရမ်းကို ဝင်စွက်ဖက်နေတယ်ဆိုတာမျိုးပေါ့”

“ဒါမျိုးက သာမန်အားဖြင့် နည်းပြရဲ့လုပ်ပိုင်ခွင့်ပါ။ ဂိုးသမားကိုထည့်မတွက်ဘဲ ၄-၄-၃ နဲ့ မှားပြီး ကစားခိုင်းတာကိုလည်း ကျနော်သိပါတယ်။ သူတို့က ကစားသမားတယောက်ချင်းစီကိုပါ လွှမ်းမိုးချင်နေပါတယ်။ တူဟယ်လ်ရဲ့ ပုံစံနဲ့ အကျင့်စရိုက်က ဒါမျိုးကို လက်ခံမယ့်လူမျိုးမဟုတ်ပါဘူး။ ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အသင်းက ကစားသမားအချို့ကို ရှင်းထုတ်ဖို့အတွက်လည်း သူတို့ကြိုးစားခဲ့မှာပါ။”

“အဲ့ဒီအထဲမှာ ဂိုးသမား မန်ဒီလည်း ပါဝင်ပါလိမ့်မယ်။ သူ့ရဲ့ ဘောလုံးစွမ်းရည်၊ ဖြန့်ဝေမှုနဲ့ နည်းစနစ်ပိုင်းတွေအရပေါ့။ ဘိုလေက ဒါကို နည်းပြအဖွဲ့ဝင်တွေဆီ ပြောခဲ့သလားဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် ဒါကလည်း နည်းပြလုပ်ရမယ့်အလုပ်သီးသန့်ပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဘိုလေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကို အေဘရာမိုဗစ်ချ်လက်ထဲကနေ လွှဲပြောင်းရယူခဲ့ပါတယ်။

အဲ့ဒီနောက် အသင်းရဲ့ အပြောင်းအရွှေ့အတွက် အဓိကကျတဲ့ လူပုဂ္ဂိုလ်အချို့ကို တာဝန်က ရပ်ဆိုင်းစေခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအားလုံးကို ဘိုလေကိုယ်တိုင်က စီမံခန့်ခွဲခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကို ခေါ်ယူဖို့ ဘိုလေက ကြိုးစားခဲ့တာကြောင့် တူဟယ်လ်နဲ့ စိတ်သဘောထားချင်း ကွဲလွဲခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က