အယ်လ်နာဆာကလည်း နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်တာဝါတို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်နာဆာတို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာဘက်က ရော်နယ်ဒို၊ မာနေးတို့ နှစ်ယောက်လုံး ပါဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကို တစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာပါ။



ဒါ့အပြင် အယ်လ်နာဆာဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ နှစ်ပွဲကစားပြီး နှစ်ပွဲရှုံးထားသလို အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေခဲ့တာပါ။ အခု ဒီပွဲမှာလည်း အင်အားနည်းပြိုင်ဘက်လို့ ပြောရမယ့် အယ်လ်တာဝါကို အရေးနိမ့်ခဲ့ပြီး ဒီပွဲက အခွင့်အရေးတစ်ခုကို အသုံးမချနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို လှောင်ပြောင်နေကြပါတယ်။


ရော်နယ်ဒိုဟာ ပြိုင်ဘက်ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ခဲ့တဲ့ အခွင့်အရေးကို ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ အယ်လ်နာဆာတို့ ဘဲဥတောင်မကွဲဘဲ အရေးနိမ့်ခဲ့ရတာပါ။ ပွဲကစားချိန် (၆၂) မိနစ်မှာ ရော်နယ်ဒိုက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုတစ်ယောက် ဆုံးဖြတ်ချက် ပြတ်သားခဲ့ဟန်မရှိဘဲ ဂိုးသမားကို လိမ်ခေါက်ဖို့ ကြိုးစားရာကနေ ပြိုင်ဘက်နောက်ခံလူတွေရဲ့ ပြန်လည် ဟန့်တားခြင်းကို ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်အတွက် ပရိသတ်တွေကတော့ ရော်နယ်ဒိုကို ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်နေကြပါတယ်။

ပရိသတ်တွေက “အံ့အားသင့်စရာပဲ။ ရော်နယ်ဒိုက ဒါမျိုး အခွင့်အရေးကို လွဲခဲ့တယ်တဲ့” “ဒီကစားသမားက ပြီးဆုံးသွားပါပြီ” “ရော်နယ်ဒိုက မရတော့ပါဘူး။ ပြီးသွားပါပြီ” လို့ အမျိုးမျိုး ဝေဖန်လှောင်ပြောင်ခဲ့ကြပါတယ်။ အယ်လ်နာဆာဟာ လက်ရှိဆော်ဒီလိဂ်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး လာမယ့်တစ်ပတ်မှာတော့ AFC ချန်ပီယံလိဂ်အဖြစ် ရှာဘတ်အယ်လ်အာလီနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က