မီးခိုးတွေကြောင့် မြင်ကွင်းက မရှင်းလင်းခဲ့ပါဘူး။

အယ်လ်နာဆာတိုက်စစ်မှူးရော်နယ်ဒိုကတော့ ဂိုးသမားကိုရော၊ ဂိုးပေါက်ကိုပါ မမြင်ရတဲ့အနေအထားမှာတောင် ဂိုးရအောင် သွင်းနိုင်တယ်ဆိုပြီးတော့ နာမည်ကြီးနေပြန်ပါပြီ။ မနေ့ညက ကစားခဲ့တဲ့ အယ်လ်အာလီနဲ့ပွဲမှာ အယ်လ်နာဆာက ၄-၃ နဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒိုက ၂ ဂိုးသွင်းခြေစွမ်းပြခဲ့တာပါ။ တယ်လစ္စကာကလည်း ၂ဂိုးသွင်းခဲ့ပြီး အစဉ်အလာပြိုင်ဘက်ကို သူတို့ အနိုင်ယူနိုင်ခဲ့ပါတယ်။ 



ရော်နယ်ဒိုဟာ သူ့ရဲ့ ပထမဂိုးကို အသင်းဖော်မာနေးရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာပါ။ ဒီဂိုးကို သွင်းယူခဲ့ချိန်မှာတော့ အယ်လ်အာလီပရိသတ်တွေရဲ့ အစိမ်းရောင်မီးခိုးငွေ့တွေက အယ်လ်အာလီဂိုးဧရိယာတဝိုက်မှာ ထူထပ်နေခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ မြင်ကွင်းကောင်းကောင်းမရှင်းလင်းခဲ့ပါဘူး။ အယ်လ်အာလီဂိုးသမားမန်ဒီဟာ မီးခိုးတွေကြားမှာ ပျောက်နေခဲ့ပြီး သူလည်းပဲ မြင်ကွင်းမသဲကွဲဖြစ်နေခဲ့တာပါ။ 

ရော်နယ်ဒိုက အဲဒီအနေအထားမှာ ဘယ်ခြေနဲ့အနိမ့်ဘော အဆုံးသတ်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ မြင်ကွင်းက သိသိသာသာရှင်းလင်းတာမျိုးမဟုတ်ဘဲ မသဲမကွဲဖြစ်နေတာကို တွေ့ရမှာပါ။ အယ်လ်အာလီပရိသတ်တွေရဲ့ မီးခိုးငွေ့တွေ ထုတ်လွှင့်ခဲ့မှုက သူတို့ဂိုးသမားကိုပါ ပြန်ပြီး အခက်တွေ့စေခဲ့ကာ ဂိုးပေးခဲ့ရပါတယ်။ 

ဒါကြောင့်လည်း ရော်နယ်ဒိုက ဂိုးသမားနဲ့ ဂိုးပေါက်ကို မမြင်ရတာတောင် ဂိုးသွင်းနိုင်တယ်ဆိုပြီး တင်စားခံနေရတာပါ။ ဒီပွဲမှာ ၂ဂိုးရခဲ့လို့ ရော်နယ်ဒိုရဲ့ ဆော်ဒီလိဂ် သွင်းဂိုးက ၉ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်းဘုရင်ဇယားမှာ ထိပ်ဆုံးနေရာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ အယ်လ်နာဆာကလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိလာပြီး ထိပ်ဆုံးက အယ်လ်အီတီဟတ်နဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။ 

Share

Loading Next Article...
က္က