သီယာဂိုဆေးလ်ဗား လက်နဲ့ နှစ်ကြိမ်တားဆီးခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်ဥက္ကဌ စတိဗ်ပါရစ်ရှ်က မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲမှာ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား အထုတ်မခံရတဲ့အပေါ် ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ သီယာဂိုဆေးလ်ဗားက ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကစားသမား အယူး လွတ်လွတ်ကျွတ်ကျွတ်ရမယ့် အပိုင်အခွင့်အရေးကို လက်နဲ့ တားဆီးခဲ့တာပါ။




သီယာဂိုဆေးလ်ဗားဟာ ဘောလုံးလက်ခံချိန်မှာ ဟန်ချက်ပျက်နေပြီး လဲကျသွားခဲ့တဲ့နောက် အယူးရရှိမယ့် ဘောလုံးကို လက်နဲ့ နှစ်ကြိမ်တိုင်တိုင် တားဆီးမိသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကို အဝါကတ်နဲ့ပဲ ပြီးဆုံးစေခဲ့တာကြောင့် ပါရစ်ရှ်က ပွဲအပြီးမှာ သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် ဝေဖန်ခဲ့ပါတယ်။ ပါရစ်ရှ်က “အရိုးသားဆုံးပြောရရင် VAR က အပတ်တိုင်းကို အပြောင်းအလဲဖြစ်နေတော့တာပါပဲ”


“ဒါက သေချာပေါက် အနီကတ်ပြရမယ့်ကိစ္စဖြစ်ပြီး ရှင်းလင်းပြတ်သားတဲ့ အမှားတခုတော့ မဟုတ်ပါဘူး။ အပိုင်ဂိုးသွင်းခွင့်မဟုတ်သည့်တိုင် သီယာဂိုဆေးလ်ဗားက ဘောလုံးကို လက်နဲ့နှစ်ကြိမ် တားဆီးခဲ့တာပါ။ တကြိမ်အတွက် အဝါတကတ်ဆိုရင်ပဲ နှစ်ကြိမ်ဆိုရင် နှစ်ဝါဖြစ်နေပါပြီ” လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သီယာဂိုဆေးလ်ဗား ကံကောင်းခဲ့တယ်လို့လည်း ပရိသတ်တွေက ယူဆနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်အတွက် ပိုပြီးခံပြင်းစရာကောင်းခဲ့တာက အူဘာမီးယန်းသွင်းယူခဲ့တဲ့ ချေပဂိုးကလည်း သီယာဂိုဆေးလ်ဗားကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က အစောပိုင်းတည်းက အက်ဒွါရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး သီယာဂိုဆေးလ်ဗားသာ အနီကတ်ထိခဲ့ရင် ချဲလ်ဆီးတို့ နိုင်ပွဲပြန်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။

ဒါပေမယ့် ပထမပိုင်းမှာတင် အူဘာမီးယန်းရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရသလို ပွဲပြီးခါနီးမှာလည်း ခရစ္စတယ်ပဲလေ့စ်ကို အငှားနဲ့လာရောက်ကစားခဲ့ဖူးတဲ့ ဂယ်လာဂါရဲ့ အနိုင်ဂိုးကြောင့် ခရစ္စတယ်ပဲလေ့စ်တို့ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာအတွက်ကတော့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ နိုင်ပွဲရရှိပြီး မျက်နှာပန်းလှခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က