ဟာလန်းက ဒေါ့မွန်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းကတော့ မနေ့ညက အသင်းဟောင်း ဒေါ့မွန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ သတင်းထောက်ရဲ့ မေးခွန်းအပေါ် အကောင်းဆုံး တုံ့ပြန်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်က ဘယ်လင်ဂမ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ မန်စီးတီးက ၂-၁ ဂိုးနဲ့ ဒေါ့မွန်ကို အနိုင်ရရှိခဲ့ပါတယ်။



မန်စီးတီးအတွက် ချေပဂိုးကို နောက်ခံလူ စတုန်းစ်ရဲ့ အမှတ်မထင်ကန်ချက်ကတဆင့် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ကန်ဆယ်လိုရဲ့ ဖန်တီးပေးမှုကတဆင့် ဟာလန်းက လှပတဲ့ ကန်ချက်နဲ့ အဆုံးသတ်ပြီး မန်စီးတီးအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်ကစားသမားဟောင်းဖြစ်ပြီး အသင်းဟောင်းဘက်ကို ဂိုးသွင်းအပြီးမှာ အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် ဒီပွဲမှာ ဟာလန်းက အခွင့်အရေးသိပ်မရခဲ့ဘဲ ဂိုးရသွားတဲ့တကြိမ်ကသာ သူ့အတွက် ဒီပွဲမှာ တလုံးတည်းသော ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲမတိုင်ခင်မှာလည်း ဒေါ့မွန်ကစားသမား ရှလော့တာဘက်ခ်ကလည်း ဟာလန်းကို ဘယ်လိုရပ်တန့်ရမယ်ဆိုတာ သိတယ်လို့ ပြောခဲ့ဖူးပါတယ်။

အဲ့ဒါကြောင့်လည်း သတင်းထောက်က ဟာလန်းကို မေးခွန်းသတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဟာလန်းကတော့ သတင်းထောက်ကို အခွင့်အရေးမပေးဘဲ တုံ့ပြန်သွားခဲ့ပါတယ်။ ဟာလန်းက “ဒေါ့မွန်က ကျနော့်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ကျနော် ဂိုးသွင်းနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ဟာလန်းအတွက် ဒီရာသီမှာ (၃) ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဆီဗီလာကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားကို ဒေါ့မွန်နောက်ခံလူတွေဖြစ်တဲ့ ဟမ်းမဲလ်၊ ဇူလာတို့က အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးတယောက်အတွက်ကတော့ သူ့ကို ဘယ်လောက်ပဲ ထိန်းချုပ်နိုင်ခဲ့သည်ဖြစ်စေ၊ ရလာတဲ့အခွင့်အရေးတကြိမ်ကို အသုံးချနိုင်ခဲ့မယ်ဆိုရင်တော့ အခုလိုပဲ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာကို ဟာလန်းက သက်သေပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က