မန်စီးတီးဟာ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း ငါးဂိုးပြ်နဲ့အနိုင်ရရှိကာ ဆက်လက်ဂိုးမိုးရွာခဲ့ပြီး ဟာလန်းကလည်း အသင်းအတွက် မပျက်မကွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဒီပွဲမှာ ဟာလန်းက ပွဲကစားချိန် (၆) မိနစ်မှာတင် သူ့ရဲ့ ပထမဆုံးထိချက်ကတဆင့် အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ပွဲကစားချိန် (၃၁) မိနစ်မှာလည်း ဟာလန်းကပဲ မန်စီးတီးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးသွင်းပြီးချိန်မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ အနေအထားကို သူကိုယ်တိုင်ပါ လက်လန်နေရကြောင်း ကွင်းထဲမှာတင် အမူအရာနဲ့ ပြသခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ ဒီအမူအရာက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားသွားခဲ့ပြီး ဟာလန်းရဲ့ဂိုးသွင်းနှုန်းကို ပရိသတ်တွေတင်မဟုတ်ဘဲ သူကိုယ်တိုင်ပါ အံ့အားသင့်နေရတာပါ။
ဒီပွဲမှာ မန်စီးတီးအတွက် တတိယဂိုးကို ပြိုင်ဘက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကတဆင့် ရရှိခဲ့ပြီး ပထမပိုင်းမှာတင် မန်စီးတီးတို့ ပြိုင်ဘက်ကို သုံးဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ ဒုတိယပိုင်းအစမှာတင် ဂွါဒီယိုလာက ဟာလန်းကို အနားပေးလိုက်တာကြောင့်လည်း ဟာလန်းရဲ့ နောက်ထပ်ဟက်ထရစ်သွင်းဂိုးကို မမြင်တွေ့ခဲ့ရတာပါ။ မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် အုပ်စု (၃) ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီး ဟာလန်းကလည်း ချန်ပီယံလိဂ်ပွဲအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့ကာ သူ့ရဲ့ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်က (၅) ဂိုးအထိ ရှိလာခဲ့ပါပြီ။
ဟာလန်းဟာ ပရီးမီးယားလိဂ် (၈) ပွဲ ကစားပြီးချိန်မှာ (၁၄) ဂိုးအထိ သွင်းယူပေးထားပြီး ချန်ပီယံလိဂ်မှာလည်း သူ့ရဲ့ ကစားသမားဘဝတလျှောက် (၂၂) ပွဲ ကစားပြီးချိန်မှာ (၂၇) ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂွါဒီယိုလာက အဓိကကွင်းလယ်လူ ဒီဘရိုင်းကို အနားပေးပြီး တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်နဲ့ ဟာလန်းကို တွဲဖက်ပွဲထုတ်ခဲ့တာပါ။
ဒါပေမယ့် ဟာလန်းအတွက်က ဘာပြဿနာမှမရှိခဲ့ဘဲ သူ့ပုံစံအတိုင်း သွင်းမြဲသွင်းနေကျအတိုင်း ဂိုးပေါက်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ချန်ပီယံလိဂ်အုပ်စုတွင်းပြိုင်ဘက်တွေကလည်း သူတို့နဲ့ယှဥ်ရင် တဆင့်နိမ့်အသင်းတွေဖြစ်နေတာကြောင့် လက်ကျန် (၃) ပွဲမှာရော ဟာလန်းတယောက် ဘယ်လောက်အထိ ဂိုးထပ်သွင်းနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။