ပရိသတ်တွေကတော့ ရသလိုကို လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ရှာရစ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် ရော်နယ်ဒိုက ပင်နယ်တီကတဆင့် ဂိုးသွင်းယူခဲ့ပြီး ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက်တော့ ဒီရာသီပထမဆုံးသွင်းဂိုးဖြစ်ခဲ့ရုံမက ကစားသမားဘ၀တလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုက ကစားသမားဘ၀မှာ ကလပ်သွင်းဂိုး ၆၉၉ ဂိုးအထိ ရှိသွားခဲ့ကာ ယူရိုပါလိဂ်သွင်းဂိုးက ၁ ဂိုးအနေနဲ့ ပါဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဒီလိုမျိုး ဂိုးသွင်းနိုင်ခဲ့အပြီးမှာတော့ လူမှုကွန်ယက်ပေါ်မှာ သူ့ကို လှောင်ပြောင်မှုတွေရှိနေခဲ့ပါတယ်။ မက်ဆီနဲ့ နှိုင်းယှဉ်ကာ လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ရော်နယ်ဒိုက မက်ဆီထက် ယူရိုပါလိဂ်သွင်းဂိုး ပိုမိုရရှိသွားပြီလို့ လှောင်ပြောင်ပြောဆိုမှုတွေ ရှိခဲ့ကြသလို တချို့ ပရိသတ်တွေကတော့ ရော်နယ်ဒိုက မက်ဆီထက် ပြိုင်ပွဲအမျိုးအစားတခုမှာ ဂိုးပိုသွင်းနိုင်ခဲ့ပြီလို့ ချီးကျူးခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကိုအသင်းကို စတင်ရောက်ရှိခဲ့ချိန်ကစပြီး ပြီးခဲ့တဲ့ရာသီကအထိ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ လုံး၀ကစားခဲ့ဖူးခြင်းမရှိခဲ့သူဖြစ်ပါတယ်။ စပို့တင်းမှာတုန်းက ယူရိုပါလိဂ်ပွဲကစားခဲ့ပေမယ့် အုပ်စုအဆင့်မဟုတ်ဘဲ ခြေစစ်ပွဲအဆင့်သာဖြစ်လို့ ယူရိုပါလိဂ်နဲ့ လုံး၀ကိုမရင်းနှီးဘူးလို့တောင် ဆိုနိုင်ပါတယ်။ 



မနေ့ကပွဲအပြီးမှာတော့ ပရိသတ်တဦးက "၁၉၇၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ ရော်နယ်ဒို ၁-၀ မက်ဆီ ဖြစ်သွားပြီ၊ ဒါကြောင့်လည်း ရော်နယ်ဒိုက ထာ၀ရအကောင်းဆုံးကစားသမားဖြစ်နေတာ" လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တဦးကလည်း "ရော်နယ်ဒိုက သူ့ရဲ့ပထမဆုံးယူရိုပါလိဂ်ဂိုးကို ရသွားပြီ၊ ဒီဂိုးသွင်းစာရင်းမှာ မက်ဆီက ရော်နယ်ဒိုကို လိုက်မီမှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်" လို့ ရေးသားခဲ့ပါတယ်။ 

တတိယမြောက်တဦးကလည်း "ရော်နယ်ဒိုက မက်ဆီထက် ယူရိုပါလိဂ်မှာ ပိုကောင်းတဲ့ အမွေအနှစ်ရှိတယ်၊ My GOAT" လို့ ရေးသားခဲ့ကြပါတယ်။ ရော်နယ်ဒိုကတော့ သူ့အတွက် ဒီရာသီပထမဆုံးဂိုးကို ရယူနိုင်ခဲ့လို့ ကျေနပ်နေဟန်ရှိခဲ့ပြီး သူ့ရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့ပြီး ပွဲအပြီးမှာလည်း ၃ မှတ်ရယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က