စနေညအစောပွဲတွေမှာ ချဲလ်ဆီး၊ မန်စီးတီးတို့ နိုင်ပွဲအသီးသီးရရှိခဲ့တာပါ။

ဒီကနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီး၊ မန်စီးတီးတို့ အိမ်ကွင်းမှာ နိုင်ပွဲအသီးသီးရရှိခဲ့ပါတယ်။ မန်စီးတီးက ဆောက်သမ်တန်ကို လေးဂိုးပြတ်၊ ချဲလ်ဆီးက ဝုလ်ဗ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခြားသောပွဲတွေမှာတော့ နယူးကာဆယ်၊ ဘုန်းမောက်တို့ အသီးသီးနိုင်ပွဲရရှိခဲ့ပါတယ်။



မန်စီးတီးကတော့ ဟာလန်း၊ ဖိုဒန်၊ ဒီဘရိုင်းတို့နဲ့ လူစုံခဲ့ပြီး နောက်တန်းမှာတော့ အကန်ဂျီက ညာအစွန်ကို ထွက်ကစားခဲ့ပါတယ်။ ဒီပွဲရှုံးရင် နည်းပြ ဟက်ဆန်ဟက်တဲလ် ရာထူးက ထွက်ရမယ်ဆိုပေမယ့် ဆောက်သမ်တန်တို့ မန်စီးတီးကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ကန်ဆယ်လိုက ဝက်ဒ်ပရော့စ်ကို တချက်ခေါက်၊ ဧရိယာထဲ ဆွဲဝင်ကန်သွင်းခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ဖန်တီးမှုကတဆင့် ဖိုဒန်က နောက်တဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာလည်း မာရက်ဇ်၊ ဟာလန်းတို့က မန်စီးတီးအတွက် ဂိုးတွေထပ်သွင်းပေးခဲ့ပါတယ်။ ဟာလန်းကတော့ ပရီးမီးယားလိဂ်သွင်းဂိုး (၁၅) ဂိုးအထိ ရှိလာခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ဝုလ်ဗ်ပွဲမှာတော့ ပေါ်တာက သီယာဂိုဆေးလ်ဗား၊ ရီစီဂျိမ်းစ်၊ အူဘာမီးယန်း၊ စတာလင်တို့ကို အနားပေးခဲ့ပါတယ်။

ဝုလ်ဗ်ဘက်မှာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာ ပွဲထွက်လာခဲ့ပေမယ့် ဘာမှထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးကသာ တပွဲလုံး အသာစီးရခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ ဖြုန်းတီးမှုကြောင့် ပထမပိုင်းပြီးခါနီးမှ ဟာဗက်ဇ်ရဲ့ အဖွင့်ဂိုးကိုရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပူလီဆစ်က အသင်းအတွက် ဒုတိယဂိုး၊ လူစားဝင်တိုက်စစ်မှူး ဘရိုဂျာတို့က ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးတို့ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နယူးကာဆယ်ကတော့ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရထားတဲ့ လက်စတာကတော့ အခြေအနေဆိုးနေဆဲဖြစ်ပါတယ်။ တန်းတက် ဘုန်းမောက်ကို အဝေးကွင်းမှာ ဦးဆောင်ဂိုးရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရပြီး ၂-၁ ဂိုးနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က