မက်ဆီကတော့ သူ့ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုအတွက် အသင်းဖော်တွေဆီက ချီးကျူးမှုကို ရရှိခဲ့တာပါ။

အော်ဇေးကို ပီအက်စ်ဂျီက ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဘတ်ပီရဲ့ အဖွင့်ဂိုးအတွက် မက်ဆီက pre-assist လုပ်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ကလပ်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး မက်ဆီတယောက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ လှပတဲ့ ပေးပို့မှုအတွက် ချီးကျူးမှုတွေရရှိခဲ့ကာ အာဂျင်တီးနားသားက ကွဲပြားခြားနားတဲ့အဆင့်တခုမှာ ရှိနေပြန်ပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ 

ပီအက်စ်ဂျီနည်းပြဂဲလ်တီယာကတော့ သူ့ရဲ့ အဓိကစားသမားအားလုံးကို ထည့်သွင်းအသုံးပြုခဲ့ပြီး နိုင်ပွဲရဖို့ သေချာအောင် စီမံခဲ့ပါတယ်။ ဘတ်ပီ၊ ကားလို့စ်ဆိုလာ၊ ဟာကီမီ၊ ဆန်းချက်စ်၊ အီကီတီကီတို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ လန်းစ်ကို ၅ မှတ်ဖြတ်တောက်ကာ ဦးဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဘတ်ပီရဲ့ သွင်းဂိုးမတိုင်ခင် ဂိုးဧရိယာအပြင်ဘက်မှာ မက်ဆီက ဘောလုံးရရှိခဲ့ပြီး အော်ဇေးခံစစ်ကစားသမားတွေက သူရှိရာဆီကို ဦးတည်လာခဲ့ကြပါတယ်။ မက်ဆီက နောက်ကနေ ပြေးတက်လာခဲ့တဲ့ အသင်းဖော်မန်ဒက်စ်ကို အသာလေး မ တင် ပေးခဲ့ပြီး မန်ဒက်စ်ရဲ့ထပ်ဆင့်ပေးပို့မှုကနေ ဘတ်ပီက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 



ဂိုးသွင်းခဲ့တာက ဘတ်ပီဖြစ်ပေမယ့် ပီအက်စ်ဂျီကစားသမားတွေကတော့ ဒီသွင်းဂိုးဖြစ်လာဖို့ အစပြုခဲ့ရာ မက်ဆီကို ဝိုင်းဝန်းပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြပြီးမှ ဘတ်ပီကို သွားရောက်ဂုဏ်ပြုတာကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီရဲ့ ပေးပို့ခဲ့မှုက ကောင်းမွန်တယ်ဆိုတာထက် သူ့ရဲ့ အမြင်စူးရှမှု၊ အကွက်မြင်မှုနဲ့ တိကျမှုတွေက ချီးကျူးချင်စရာကောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဗာရက်တီက မက်ဆီကို ဆွဲချီပြီးတော့ မ တင်တဲ့အထိ အောင်ပွဲခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်မှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ မက်ဆီကတော့ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ခဲ့ပြီး အာဂျင်တီးနားအတွက်လည်း ဒီပုံစံနဲ့ ကစားပေးနိုင်မှာ သေချာသလောက်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က