ယူနိုက်တက်အတွက် ဂိုးပေါက်ပျောက်ဆုံးနေမှုတွေကို ဘရန်ဖို့ဒ်နဲ့ပွဲမှာ ချေဖျက်နိုင်ခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်က သွင်းဂိုးပြန်ရလို့ ပျော်ရွှင်ခဲ့ပေမယ့်လည်း ဆုဖလားတွေကိုသာ ပိုလိုချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖာနန်ဒက်စ်ကတော့ ပြီးခဲတဲ့ပွဲစဉ်တွေမှာ ပင်နယ်တီပါ လွဲချော်ခဲ့တဲ့အထိ ခြေစွမ်းကျဆင်းနေပြီး ဂိုးမရယူနိုင်တာလည်း ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
ဘရန်ဖို့ဒ်နဲ့ပွဲမှာ အီလန်ဂါရဲ့ ပေးပို့မှုတွေက ဂိုးသွင်းနိုင်ခဲ့တဲ့နောက် သူ့ရဲ့ဂိုးမိုးခေါင်နေမှုတွေကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် သူက လိဂ်ဂိုး ၁၀ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ကွင်းလယ်လူတဦးအတွက်တော့ ကျေနပ်သင့်တဲ့ သွင်းဂိုးပမာဏဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကွင်းလယ်လူက ဆုဖလားတွေမရခဲ့လို့ သူ့ရဲ့စိတ်ပျက်မှုကိုတော့ မဖုံးကွယ်ထားခဲ့ပါဘူး။
"ကျနော် ဂိုးမသွင်းနိုင်တာ ကြာပါပြီ၊ အခု ဂိုးပြန်ရလို့ ဝမ်းသာခဲ့ပေမယ့်လည်း ဒါတွေက ကျနော့်အတွက် အရေးမကြီးပါဘူး၊ ကျနော် ဆုဖလားတွေပဲ ဆွတ်ခူးချင်ပါတယ်၊ ဂိုးတွေမလိုချင်ပါဘူး" လို့ ပွဲအပြီးမှာ Sky Sports က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကွင်းလယ်လူက "ဒါက ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲပါ၊ ရလဒ်ကောင်းတခု ကျနော်တို့လိုချင်ခဲ့တယ်"
"ပြီးတော့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရောပေါ့၊ ကျနော်တို့ရဲ့ အဆင့်အတန်းက မျှော်လင့်ထားသလောက်မရှိဘူးဆိုတာကိုလည်း သိပါတယ်၊ ဒါပေမယ့် ရာသီအိမ်ကွင်းနောက်ဆုံးပွဲကိုတော့ ကောင်းကောင်းဖြတ်သန်းရမှာပါ၊ အခုတော့ ကျနော်တို့ လာမယ့်ပွဲတွေကို ပြန်အာရုံစိုက်ရပါတော့မယ်" လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရှိချိန်ကစပြီး အသင်းရဲ့အဓိကကစားသမားဖြစ်လာခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဒီရာသီမှာ ရော်နယ်ဒိုရောက်လာပြီးနောက်မှာ သူ့ရဲ့ခြေစွမ်းကပါ ကျဆင်းလာခဲ့တာပါ။