ဝတ်မှုံရွှေရည်က ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ OKINAWA International Movie Festival ပွဲတော်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်က ဇာတ်ကား International Film Festival မှာ ပြသခွင့်ရသလို ပွဲလည်း တက်ရောက်ခွင့်ရလို့ အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
Photo : ဝတ်မှုံရွှေရည်
သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ OKINAWA International Movie Festival ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ အဲဒီပွဲမှာ သူမပါဝင်ထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးလည်း ပြသခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“ကစ်ပါဝင်ထားတဲ့ ဇာတ်ကားက ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသတယ်။ ပွဲက သုံးရက်လုပ်တယ်။ ပွဲက ဖွင့်ပွဲရယ် ကစ်တို့ ရုပ်ရှင်ပြတဲ့နေ့ရယ် ပြီးတော့ နောက်ဆုံးပွဲအကြီးဆုံးပေ့ါ။ နိုင်ငံတကာက အနုပညာရှင်တွေ တက်ရောက်ကြတယ်။ ကိုယ့်ရဲ့ ရုပ်ရှင်ဇာတ်ကားလည်း ပြသခွင့်ရခဲ့တယ်။ ကိုယ့်ဇာတ်ကားက မြန်မာပြည်က ကား International Film Festival မှာ ပြခွင့်ရတဲ့အတွက် ကိုယ်တွေလည်း တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိတယ် “ လို့ သူမက ဧပြီ(၂၆) ရက်နေ့က မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : ဝတ်မှုံရွှေရည်
သူမအနေနဲ့ နိုင်ငံတကာက ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့အလုပ်တွဲလုပ်ရတဲ့အခါမှာလည်း မြန်မာတွေ ဂုဏ်မငယ်ရအောင် မျက်နှာမငယ်ရအောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပ့ါမယ်လို့ ဆိုပါတယ်။ ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။
Photo : ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။