ဂျပန်နိုင်ငံမှာ ကျည်ဆန်ရထားတစ်စင်းက တံခါးတစ်ခု မပိတ်မိဘဲ တစ်နာရီလျှင် ၁၇၄ မိုင် အမြန်နှုန်းဖြင့် မောင်းနှင်ခဲ့မိကြောင်း ရထားကုမ္ပဏီက သြဂုတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောပါတယ်။
(Photo: AFP)
အဆိုပါ ကျည်ဆန်ရထားဟာ တစ်မိနစ်နီးပါးကြာမျှ တံခါးတစ်ခု မပိတ်မိဘဲ မြန်နှုန်းမြင့် မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ လူသားအမှားကြောင့် ဖြစ်ခဲ့တဲ့ ယခုဖြစ်ရပ်ဟာ ဂျပန်ရဲ့ နာမည်ကြီး ကျည်ဆန်ရထားဝန်ဆောင်မှုမှာ ရှားပါးတဲ့ မတော်တဆမှုလို့ ဆိုပါတယ်။ ဂျပန် ကျည်ဆန်ရထားဝန်ဆောင်မှုဟာ ဘေးကင်လုံခြုံမှုနဲ့ အချိန်တိကျမှန်ကန်မှုတို့ကြောင့် ကမ္ဘာကျော်ပါတယ်။
တိုကျိုမြို့ကို ပြေးဆွဲနေတဲ့ Hayabusa No 46 ကျည်ဆန်ရထားဟာ ဂျပန်အရှေ့မြောက်ပိုင်း ဆန်ဒိုင်းဘူတာရုံမှ ထွက်ခွာခဲ့ပြီး မကြာမီမှာပင် ကိုးခုမြောက် ရထားတွဲရဲ့ တံခါးပွင့်နေကြောင်း သတိပေးချက်မီးလင်းနေမှုကို သက်ဆိုင်ရာဝန်ထမ်းက တွေ့ရှိခဲ့ပြီးနောက် ရထားကို အရေးပေါ် ရပ်တန့်ခဲ့ရကြောင်း East Japan Railway ကုမ္ပဏီက ပြောပါတယ်။
(Photo: Jeremy Yap)
"ရထားဝန်ထမ်းက တွဲကိုစစ်ဆေးတဲ့အခါ တံခါးက လုံးဝ ပွင့်နေတာတွေ့ခဲ့ရတယ်၊ ရထားပေါ်မှာ ခရီးသည် ၃၄၀ လောက် လိုက်ပါလာခဲ့ပြီး ဒဏ်ရာရသူ မရှိခဲ့ပါဘူး" လို့ ကုမ္ပဏီ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: AP)
ကုမ္ပဏီအနေနဲ့ နောက်တစ်ကြိမ် ယခုလိုဖြစ်ရပ်မျိုး မဖြစ်စေရန် လိုအပ်တာတွေ ဆောင်ရွက်သွားမယ်လို့လည်း East Japan Railway ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုစနစ်မှာ ဦးဆောင်နေပြီး အချိန်တိကျမှန်ကန်မှုနဲ့ ငလျင်ကြီးများ မလှုပ်မီ ရထားများကို အလိုအလျောက် အရှိန်လျှော့ချမှု အပါအဝင် အရေးပေါ် ရပ်တန့်မှုစနစ်ကဲ့သို့ ဘေးကင်းလုံခြုံရေး အစီအမံများကြောင့် နာမည်ဂုဏ်သတင်းကောင်း ရရှိထားပါတယ်။