ဂျပန်နိုင်ငံကို တစ်လအတွင်း သုံးခုမြောက်အဖြစ် နောက်ထပ် အပူပိုင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။
ဟာဝိုင်အီမှာ အခြေစိုက်တဲ့ Joint Typhoon Warning Center (JTWC) ရဲ့ ခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်း ကောင်ရေး (Kong-rey) ဟာ လာမယ့် စနေနေ့ (အောက်တိုဘာ ၆ ရက်) မှာ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ရွေ့လျားရောက်ရှိလာမယ်လို့ သိရပါတယ်။
တိုင်ဖွန်းထရာမီကြောင့် လေပြင်းများ တိုက်ခတ်ခဲ့စဉ် (Photo: AFP)
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၃ ရက်) ဒေသစံတော်ချိန် ညဉ့်နက်ပိုင်းအချိန် တိုင်းတာချက်အရ မုန်တိုင်းဗဟိုချက် တည်ရှိနေတဲ့နေရာဟာ အိုကီနာဝါကျွန်းရှိ Kadena လေတပ်အခြေစိုက်စခန်းရဲ့ တောင်ဘက် ရေမိုင် ၂၉၈ မိုင်အကွာမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မုန်တိုင်းရဲ့ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၁၅ မိုင်ဖြင့် တိုက်ခတ်နေကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံကို မကြာသေးမီး ရက်ပိုင်းအတွင်း စက်တင်ဘာလကုန်ပိုင်းမှာလည်း အားကောင်းတဲ့ တိုင်းဖွန်းမုန်တိုင်းထရာမီ ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
တိုင်ဖွန်းကောင်ရေး လမ်းကြောင်းပြမြေပုံ (Map: Weather Underground)
တိုင်းဖွန်းထရာမီ တိုက်ခတ်မှုကြောင့် ဂျပန်မှာ ခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့ရပြီး လေကြောင်းခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၄ ရက်မှာလည်း ၂၅ နှစ်အတွင်း ဂျပန်ကိုဝင်ရောက်တဲ့ မုန်တိုင်းများအနက် အားအကောင်းဆုံးဖြစ်တဲ့ စူပါတိုင်ဖွန်းဂျက်ဘီ နိုင်ငံအနောက်ပိုင်းဒေသတွေမှာ တိုက်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ တိုင်ဖွန်းဂျက်ဘီရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်အထိ အားကောင်းပြင်းထန်ခဲ့ပါတယ်။