အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅ မိုင်အထိဖြင့် တိုက်ခတ်နိုင်ပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသ ကုန်းတွင်းပိုင်းကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဂျက်ဘီ ယနေ့ (စက်တင်ဘာ ၄ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဝင်ရောက်မှာဖြစ်တာကြောင့် အာဏာပိုင်တွေက လူဦးရေ တစ်သန်းကျော်ကို ရွှေ့ပြောင်းကြရန် အကြံပြုတိုက်တွန်းထားပြီး ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၂၈ ရက်က ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ တိုက်ခတ်ခဲ့စဉ် (Photo: AFP)



၂၅ နှစ်အတွင်း ဂျပန်ကိုဝင်ရောက်တိုက်ခတ်တဲ့ အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းဂျက်ဘီ (Jebi) ချဉ်းကပ်တိုက်ခတ်နေမှုကြောင့် ဂျပန်မြောက်ပိုင်းဒေသတွေမှာ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ကိုရီးယားဘာသာစကားအရ 'ပျံလွှားငှက်' လို့ အဓိပ္ပါယ်ရတဲ့ ဂျက်ဘီက ယခုနှစ် နွေရာသီအတွင်း မိုးသည်းထန်မှု၊ ရေကြီးမှု၊ မြေပြိုမှုနဲ့ စံချိန်တင် ပူပြင်းမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ဂျပန်နိုင်ငံမှာ နောက်ဆုံးကြုံတွေ့လာရတဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုအခြေအနေလည်း ဖြစ်ပါတယ်။

ယခုနှစ်အတွင်း ဂျပန်မှာ မိုးသည်းထန်မှု၊ ရေကြီးမြေပြိုမှုနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်းဂျက်ဘီက ဂျပန်အနောက်ပိုင်းမှာ စတင်တိုက်ခတ်နေပြီး ရှိကိုကူကျွန်း (Shikoku) ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ သိရပါတယ်။

Map: AccuWeather

ထို့နောက် အကြီးဆုံးကျွန်းဖြစ်တဲ့ ဟွန်ရှူးကျွန်းကို ဖြတ်သန်းပြီး ဂျပန်ရဲ့ ဒုတိယအကြီးဆုံးမြို့ အိုဆာကာကို ယနေ့နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။မုန်တိုင်းကြောင့် လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းနေရာ လူဦးရေ တစ်သန်းကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အကြံပြုတိုက်တွန်းချက်များ ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းဂျက်ဘီရဲ့ လေတိုက်နှုန်းဟာ ရှီကိုကူကျွန်းရဲ့ နေရာဒေသတစ်ခုမှာ တစ်နာရီလျှင် ၁၂၉ မိုင်ဖြင့် တိုက်ခတ်ခဲ့ကြောင်းနဲ့ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅ မိုင်အထိဖြင့် တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Photo: Kyodo

ယနေ့မနက်ပိုင်းမှာ နေရာဒေသအချို့ရဲ့ တစ်နာရီအတွင်း မိုးရေချိန်ဟာ ၃.၄ လက်မဝန်းကျင်ရှိခဲ့ပြီး ၂၄ နာရီအတွင်း ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၅ ရက်) အထိ မိုးရေချိန် ၂၀ လက်မအထိ အများဆုံးရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ဂျပန်မှာ တိုက်ဖွန်းမုန်တိုင်းဂျက်ဘီ တိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ၇၀၀ ကျော်၊ ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ် အများအပြားကို ဖျက်သိမ်းထားကြောင်း NHK သတင်းက ပြောပါတယ်။ Shinkansen ကျည်ဆန်ရထား ပြေးဆွဲမှုကို လျှော့ချခဲ့ပြီး အိုဆာကာမြို့အနီးရှိ ထင်ရှားကျော်ကြားတဲ့ Universal Studios Japan အပန်းဖြေဥယျာဉ်ကို ပိတ်ထားကြောင်း သိရပါတယ်။

Photo: AccuWeather

မုန်တိုင်းဗဟိုချက်နဲ့ ကွာဝေးနေတဲ့ ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့မှာလည်း မိုးသည်းထန်ပြီး လေပြင်းတိုက်မှုတွေ ယနေ့နှောင်းပိုင်းမှာ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ဂျပန်ကို ဝင်ရောက်တိုက်ခတ်မယ့် တိုက်ဖွန်းမုန်တိုင်းဂျက်ဘီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပင်လယ်ပြင်မှာ တိုက်ခတ်နေခဲ့စဉ် ၂၀၁၈ ခုနှစ်ရဲ့ အားအကောင်းဆုံးမုန်တိုင်း စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

ဂျပန်ကိုချဉ်းကပ်လာစဉ် အားလျော့သွားခဲ့ပေမဲ့ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ် ဆက်လက် တိုက်ခတ်နေခဲ့ကြောင်း သိရပါတယ်။


- နောက်ဆက်တွဲသတင်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က