ငလျင်လှုပ်ခတ်ပြီးနောက် လူ ၂၆ ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၈ ဦးအထိ မြင့်တက်လာပြီး အဆိုပါကျွန်းရဲ့ လူဦးရေ ၅.၃ သန်းအနက် ထက်ဝက်ကျော်ဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံနေရဆဲဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ယနေ့ (စက်တင်ဘာ ၇ ရက်) ပြောပါတယ်။



Photo: Xinhua



စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းအချိန်က ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ဆက်ပိုရိုမြို့ အရှေ့တောင်ဘက် ၃၈ မိုင်ကျော်အကွာမှာ ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၆.၆ အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။

ငလျင်လှုပ်မှုကြောင့် မြေပြိုကျပြီး နေအိမ်တွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ ကျွန်းရဲ့နေရာအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားနဲ့ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ကာ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်သွားခဲ့ပါတယ်။

Photo: AFP



ငလျင်လှုပ်ခတ်ပြီးနောက် လူ ၂၆ ဦး ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာဌာန တာဝန်ရှိသူတွေက ပြောပါတယ်။  ဝန်ကြီးချုပ်အဘေးက ငလျင်လှုပ်ခဲ့မှုနဲ့ပတ်သက်ပြီး ယနေ့ မနက်အစောပိုင်းမှာ အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ၎င်းရဲ့ပြောကြားမှုကို ကိုးကားပြီး NHK သတင်းက အသေအပျောက်စာရင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo: AP



ငလျင်လှုပ်ပြီးနောက် Hokkaido Electric Power ကုမ္ပဏီက ဓာတ်အားပေးစက်ရုံကို ကြိုတင်သတိထား ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့ရာ နေရာအနှံအပြား ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေပါတယ်။ ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ၂.၉၅ သန်းအနက် ၁.၃ သန်းခန့်ဟာ ယနေ့ မနက်အစောပိုင်းမှာ ဓာတ်အားပြန်လည်ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေတဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ 'ပစိဖိတ်မီးကွင်း' (Ring of Fire) နေရာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အိုဆာကာဒေသမှ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီး လူငါးဦး သေဆုံးကာ ၃၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။



ဒါ့အပြင် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်မှာ ရစ်(ခ်)တာစကေး ၉.၀ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဂျပန်ကမ်းရိုးတန်းအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ လှုပ်ခတ်ခဲ့ရာ ၁၃၃ ပေအထိမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကာ လူဦးရေ ၁၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ သဘာဝဘေးအန္တရယ်တွေနဲ့ ဂျပန်နိုင်ငံ

ယခုသီတင်းပတ်အတွင်း စက်တင်ဘာ ၄ ရက်မှာလည်း ဂျပန်အနောက်ပိုင်းဒေသကို ၂၅ နှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းဂျက်ဘီ ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိုဆာကာမြို့ရှိ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



ဂျပန်နိုင်ငံဟာ ယခုနှစ်မှာ သဘာဘေးအန္တရာယ်များ ပိုမိုကြုံတွေ့နေခဲ့ရပြီး ဇူလိုင်လအတွင်းကလည်း စံချိန်တင် မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇူလိုင်လအတွင်းမှာပင် အပူလှိုင်းဖြတ်သန်းပြီး အပူချိန်များ စံချိန်တင် မြင့်တက်မှုကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုလအတွင်းမှာ ဂျပန်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ (Jongdari) ဝင်ရောက်တိုက်ခတ်ခဲ့သေးကြော်ငး သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က