ဂျပန်နိုင်ငံမှာ ကောလိပ်ကျောင်းသားတစ်ဦးက မိသားစုဝင် သုံးဦးကို ဒူးလေးဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံမီဒီယာက ပြောပါတယ်။ ယနေ့ (ဇွန် ၄ ရက်) ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း နောက်ထပ် မိသားစုဝင်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Kyodo)
ဂျပန်အနောက်ပိုင်း Hyogo ဒေသရှိ Takarazuka မြို့မှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ဒူးလေးဖြင့် ပစ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကောလိပ်ကျောင်းသားကို အခင်းဖြစ်နေရာမှာ ဖမ်းဆီးရမိခဲ့ကြောင်း Kyodo News သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ Hideaki Nozu အမည်ရှိ အဆိုပါ ကျောင်းသားက ၎င်းရဲ့ မိခင်၊ ညီဖြစ်သူနဲ့ အဘွားတို့ကို ဒူးလေးဖြင့် တမင်ရည်ရွယ် ပစ်သတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းရင်းမြစ်တွေက ပြောကြောင်း Kyodo News က ဆိုပါတယ်။
ဒဏ်ရာရခဲ့သူကတော့ Hideaki Nozu ရဲ့ အဒေါ်ဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ကျောင်းသားက "ကျွန်တော့် မိသားစုရဲ့ မိသားစုဝင်တွေကို သတ်ခဲ့တယ်" လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ကောလိပ်ကျောင်းသားက အနည်းဆုံး မြားငါးချောင်း ပစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: AFP)
၎င်း အသုံးပြုခဲ့တဲ့ ဒူးလေးဟာ ၁ ပေခွဲကျော်ရှည်ပြီး မြားတစ်ချောင်းစီရဲ့ အရှည်က ၁ ပေကျော်တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးနှစ်ဦးလုံးဟာ ဦးခေါင်းကို မြားတစ်စင်းစီဖြင့် အပစ်ခံထားရပြီး အမျိုးသားကတော့ ဦးခေါင်းကို မြားနှစ်စင်းဖြင့် အပစ်ခံထားရကြောင်း Kyodo News က ဖော်ပြပါတယ်။ ဒဏ်ရာရခဲ့တဲ့ အဒေါ်ဖြစ်သူကတော့ လည်ပင်းနေရာမှာ မြားထိမှန်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခဲ့တဲ့ အမျိုးသားကို လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်းနဲ့ NHK သတင်းက ဆိုပါတယ်။
Hideaki Nozu ရဲ့ အဒေါ်ဖြစ်သူက အခင်းဖြစ်ပြီးနောက် အကူအညီ တောင်းခဲ့ရာမှာ အိမ်နီးနားချင်းတွေက အရေးပေါ်ဌာနကို ဒေသစံတော်ချိန် မနကန် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အကြမ်းဖက်ပြစ်မှု ဖြစ်ပွားမှုနည်းပါးပြီး လက်နက်ကိုင်ဆောင်ခြင်းကို တင်းကြပ်စွာ ထိန်းချုပ်ထားကြောင်းလည်း သိရပါတယ်။