ဂျပန်နိုင်ငံမှာ တရုတ်အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှု ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
(ဝူဟန်မြို့ဆေးရုံ) (Photo: Noel Celis/AFP)
တိုကျိုနဲ့ကပ်လျက်ဖြစ်တဲ့ ကန်နာဂါဝါစီရင်စုမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးထံမှာ အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ထုတ်ပြန်ပါတယ်။ ထိုအမျိုးသားဟာ SARS ဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်အသစ်ကြောင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ကို သွားရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
ယခုတွေ့ရှိရမှုဟာ တရုတ်နိုင်ငံပြင်ပမှာ ဒုတိမြောက် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုဖြစ်ပါတယ်။ ယခုလအစောပိုင်းက ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်အမျိုးသမီးတစ်ဦးထံမှာ အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းကို သီးသန့်ခွဲထားခဲ့ကြောင်း သိရပါတယ်။
(ဝူဟန်မြို့ မြင်ကွင်းတစ်ခု) (Photo: AFP)
ဂျပန်မှာတွေ့ရတဲ့ လူနာအမျိုးသားဟာ ယခုလအတွင်း ဝူဟန်မြို့မှ ပြန်လာခဲ့စဥ် ကိုယ်ပူနေခဲ့ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ထို့နောက် ရောဂါလက္ခဏာ သက်သာလာတာကြောင့် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) က ဆေးရုံမှဆင်းခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့မှု စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် လက်ရှိအချိန်အထိ လူတစ်ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက တရုတ်မှာရောက်နေတဲ့ နိုင်ငံသားတွေအနေနဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ ဝူဟန်မြို့သို့သွားရောက်ပါက တိရိစ္ဆာန်များ၊ တိရိစ္ဆာန်ရောင်းဝယ်တဲ့ဈေးများ သို့မဟုတ် တိရိစ္ဆာန်ထုတ်ကုန်များကို ထိတွေ့ခြင်းမပြုကြရန် အပါအဝင် အခြား ကြိုတင်ကာကွယ်မှု အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။
(ဝူဟန်မြို့ရှိ ဈေးတစ်ခုမှာ စစ်ဆေးမှုများလုပ်ဆောင်နေစဥ်) (Photo: Simon Song)
တရုတ်ပြင်ပမှာ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ ထိုင်းနိုင်ငံမှာလည်း တရုတ်နှစ်သစ်ကူး အားလပ်ရက်မတိုင်မီ လေဆိပ်ဝင်ပေါက်တွေမှာ ခရီးသည်တွေကို ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ၈၀၀,၀၀၀ လာရောက်လည်ပတ်မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှုဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမျိုးအမည် မသိနိုင်သေးတဲ့ SARS ရောဂါဗိုင်းရပ်စ်အုပ်စုဝင် အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ဟာ မိသားစုဝင်များကြား ကူးစက်ပျံ့နှံ့နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ယမန်နေ့မှာ ပြောခဲ့ပါတယ်။
(ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်) (Photo: Reuters/Athit Perawongmetha)
ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှစပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး အဆုတ်ရောင်ရောဂါ ပုံစံတူ လက္ခဏာများ ဖြစ်ပွားနေတဲ့ လူနာ ၄၁ ဦး တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်နေသူ ဝူဟန်မြို့မှ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီ ၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။
ဝူဟန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်ခဲ့ကြရဖူးတဲ့ SARS ရောဂါဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုမှ အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တယ်လို့ WHO က ပြောထားခဲ့ပါတယ်။ ၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။